ငါးအသေပဲ ရေစီးမှာ မြောတာ-တဲ့။ ကျနော်တို့ဟာ ငါးအသေတွေ မဟုတ်ပါဘူး။ ကျနော်တို့မှာ ကူးခပ်နိုင်တဲ့ ရေယက်တွေရှိတယ်။ ကျနော်တို့ အလိုရှိတဲ့ဆီကို ကူးခပ်သွားနိုင်တယ်။ ဒီလိုဆို ငါးအရှင်တွေလည်း ရေစီးမှာ မမြောနိုင်ဘူးလား။ မြောနိုင်ပါတယ်။ ဘယ်လိုငါးတွေလဲဆိုတော့ ဦးတည်ချက်မရှိတဲ့ ငါးတွေပေါ့။
ရှေ့မှာ ပြောခဲ့တဲ့ စိတ်ဓာတ်တက်ကြွမှုပြဿနာမှာလည်း အဲဒီအတိုင်းပါပဲ။ ကျနော်တို့ဟာ အောင်မြင်ရေးစာအုပ်တွေဖတ်တယ်၊
အခွေတွေနားထောင်တယ်၊ အောင်မြင်ရေးဟောပြောပွဲတွေ တက်တယ်။ ကြိုးစားမယ်ဆိုတဲ့စိတ်ဓာတ်တွေ တဟုန်းဟုန်းတောက်လာတယ်။ ဒါပေမဲ့ ကောက်ရိုးမီးလိုပဲ ခဏနဲ့ ပြန်ငြိမ်းသွားတယ်။ ကျနော်တို့ဟာ ရေစီးမှာ ပြန်မြောသွားကြပြန်ရော။ အဲဒါ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ တိကျတဲ့ ပစ်ကွင်းတစ်ခုမရှိလို့ပါပဲ။ တိကျတဲ့ ပစ်မှတ်တစ်ခုသာ မရှိဘူးဆိုရင် ကျနော်တို့တွေ စိတ်ဓာတ်တက်ကြွလည်း ခဏပါပဲ။
ကျနော်တို့ရဲ့ စိတ်ထဲမှာ ပစ်ကွင်းဟာ အမြဲရှိနေဖို့လိုပါတယ်။ ငါ ဘယ်သူလဲ။ ငါ ဘယ်ကိုသွားချင်တာလဲ။ ဒါကို ရည်မှန်းချက်လို့လည်း ခေါ်နိုင်ပါတယ်။ ကိုယ့်ရဲ့စိတ်ထဲမှာ ပစ်ကွင်းကို အမြဲမြင်ယောင်နေတဲ့အခါမှာ စိတ်ဓာတ်တက်ကြွမှုဟာလည်း အမြဲရှိနေမှာပဲဖြစ်ပါတယ်။
ငါဟာ ရေစီးမှာမမြောဘူး။ ငါ့မှာ ဦးတည်ချက်ရှိတယ် ဆိုတဲ့စိတ်နဲ့ ကျနော်တို့ဟာ အမြဲတမ်း တက်ကြွနေမှာဖြစ်တယ်။ ဒါဆိုရင် စာအုပ်တွေဖတ်ပြီး ခဏတာ စိတ်ဓာတ်တက်ကြွမှုမျိုး ဖြစ်မှာမဟုတ်တော့ပါဘူး။
ဒါကြောင့် ကျနော်တို့ဟာ ပစ်ကွင်းကို ချိန်ပစ်ဖို့ လိုပါတယ်။ ရေစီးမှာ မြောမပါဖို့ အရေးကြီးပါတယ်။
ရေစီးမှာ မြောပါတယ်ဆိုတာက အများလုပ်တိုင်း လိုက်လုပ်တာမျိုး၊ အများယောင်လို့ လိုက်ယောင်တာမျိုးပါ။ သူတို့တောင် အဲလိုနေသေးတာပဲ၊ ငါလည်း နေမယ်လုပ်လို့မဖြစ်ပါဘူး။ သင်ဟာ သူများနဲ့ မတူပါဘူး။ သင့်မှာ ရည်မှန်းချက်တွေရှိတယ်။ သင့်မှာ တန်ဖိုးထားမှုတွေရှိတယ်။ အဲဒါတွေကို ဘာအတွက်ကြောင့်မှ အပျက်မခံပါနဲ့။ ဘယ်သူတွေ ဝေဖန်ဝေဖန် ကိုယ့်မူနဲ့ကိုယ် နေပါ။ ကိုယ့်လမ်းကြောင်းနဲ့ကိုယ် သွားပါ။ ဒါဆိုရင် ကိုယ်လိုချင်တဲ့ ကိုယ်တန်ဖိုးထားတဲ့ ဘ၀တစ်ခုကို တည်ဆောက်နိုင်ပါလိမ့်မယ်။ ဒါကြောင့် ရေစီးမှာ မြောမပါဖို့ အရေးကြီးတယ်လို့ ပြောတာပါ။
သူငယ်ချင်းတွေက ဟေးလားဝါးလားနဲ့ အချိန်ဖြုန်းနေတယ်။ ငါလည်း သူတို့လို နေလိုက်မယ်လို့ စိတ်မကူးလိုက်ပါနဲ့။ အဲဒီသူငယ်ချင်းတွေကို ပစ်ပယ်ရမယ် မပြောပါဘူး။ သူတို့နဲ့လည်း ပေါင်းသင်းရမှာပါပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့ လမ်းကြောင်းပျောက်မသွားဖို့ သတိထားရပါမယ်။
ဒီတော့ အနှစ်ချုပ်ရရင်- ကျနော်တို့ဟာ အမြဲတမ်း စိတ်ဓာတ်တက်ကြွနေဖို့အတွက် ကျနော်တို့စိတ်ထဲမှာ တိကျတဲ့ပစ်ကွင်းတစ်ခုကို သတ်မှတ်ရပါမယ်။ တိကျတဲ့ပစ်ကွင်းတစ်ခုကို သတ်မှတ်ထားရင် လမ်းကြောင်းချော်သွားတာမျိုး၊ ရေစီးမှာ မြောပါသွားတာမျိုး မဖြစ်နိုင်ပါဘူး။ ကိုယ့်ရဲ့ ပစ်ကွင်းက ကိုယ့်ကို တည့်မတ်သွားပါလိမ့်မယ်။ အဲဒီပစ်ကွင်းကပဲ ကိုယ့်ရဲ့ စိတ်ဓာတ်ကို အမြဲတမ်း တက်ကြွနေစေပါလိမ့်မယ်။
ပစ်ကွင်းကို ချိန်ပစ်နိုင်သူများ ဖြစ်ကြပါစေ။
Ref: Lifestyle Tip #14: Mental Barriers by Oli Hille , Assumed Constraints by MorningCoach
No comments:
Post a Comment