စုဆောင်းရှာဖွေထားသမျှပြန်လည်ဝေမျှပါသည်...ဗဟုသုတတိုးပွားနိုင်ကြပါစေဗျာ

"မိခင်တစ်ယောက်၏ မေတ္တာ နှင့် မိန်းမသားတစ်ယောက်၏ တန်ဖိုး"

10:15 PM |



သားသမီးလိုချင်ရခြင်းအတွက် ကျွန်မရဲ့အကြောင်းပြချက် (၁၀) ချက် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမျိုးသမီးတွေဆီက သားသမီးလိုချင်ရခြင်း၊ မလိုချင်ရခြင်း အကြောင်းလေးတွေလည်း သိဖို့စိတ်ဝင်စားပါတယ် လို့ ရေးထားတဲ့ ပန်ပန် ပိုစ့်ကို ဖတ်ပြီးပြီးချင်းမှာတော့ ရုတ်တရက် စိတ်ထဲ ရေးချင်သွားတာတွေ အများကြီိးပါပဲ။ ဒါပေမဲ့ တကယ်တမ်း ချရေးခါနီးမှာ စဉ်းစားရင်း စဉ်းစားရင်း လက်တွေက အလိုလို နှေးသွားးတယ်။ ဘာကြောင့်လဲ ဆိုတော့ သားသမီးဆိုတာ ကိုယ်လိုချင်တိုင်း၊ ကိုယ် တောင့်တတိုင်း လွယ်လင့်တကူ ရလာတတ်တဲ့ အရာမျိုး မဟုတ်လို့ပါ…။ 

ကျွန်မ အိမ်ထောင်ကျပြီးတဲ့ အချိန်က စလို့ သားကို ကိုယ်ဝန်ဆောင်စဉ်အချိန်၊ သားကို မွေးဖွားပြီးချိန်… အဲဒီအချိန်တွေမှာ ကျွန်မကိုယ် ကျွန်မ ဘာကြောင့် သားသမီး လိုချင်သလဲ လို့ တစ်ခါမှ ပြန်မမေးကြည့်ခဲ့ဖူးပါဘူး။ ကျွန်မ စိတ်ထဲမှာ သားသမီးနဲ့ ပတ်သက်လို့ အကြီးအကျယ်တွေ ကြိုတင် ကြံစည်ထားတာမျိုး၊ ရည်ရွယ်ထားတာမျိုး၊ စိတ်ကူးယဉ်ထားတာမျိုးလည်း ပြန်တွေးကြည့်တော့ ဘာတစ်ခုမှ တွေးလို့မရခဲ့ဘူး။ ကျွန်မ အမျိုးသားကလည်း ပင်ကိုယ် သဘာဝအရ အေးချမ်းသူ၊ စိတ်ခံစားမှုမှန်သမျှကို သိသိသာသာ ထုတ်ဖေါ် မပြတတ်တဲ့သူတစ်ယောက် ဖြစ်နေလေတော့… ဒီတော့ ကျွန်မတို့မှာ သားသမီးလိုချင်ရခြင်းအတွက် အကြောင်းပြချက် တချက်တလေမှ မရှိခဲ့တာ သေချာပါတယ်။

သို့သော်…
သားကို ကိုယ်ဝန်ဆောင်နေစဉ်အချိန်မှာတော့ ကျွန်မစိတ်တွေဟာ အလိုလို ပျော်ရွှင် ကြည်လင်နေတတ်တာ သတိထားမိပါရဲ့…။ ဒါပေမဲ့လဲ သားကလေးနဲ့ ပတ်သက်လို့ ဘာတွေမှ အများကြီး မတွေးထားခဲ့ဘူး... သားလေးကို ပြုစုပျိုးထောင်ဖို့အတွက် ဘာစာအုပ်မှလဲ မဖတ်ခဲ့ဘူး။ တစ်ခုပဲ ကျွန်မ ဆုတောင်းပါတယ်။ ကျွန်မ မွေးလာမဲ့ သားကလေးဟာ ကျန်းမာပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံ ဖွံ့ဖြိုးတဲ့ သားကလေး၊ ဥာဏ်ရည် ဥာဏ်သွေး ထက်မြက်မဲ့ သားကလေး… ရှင်းရှင်းပြောရင်တော့ စာသင်လို့ ရမယ့် သားကလေးတစ်ယောက်သာ ဖြစ်ပါစေလို့ ကျွန်မ အမြဲ ဆုတောင်းခဲ့ပါတယ်။

ဒီလိုနဲ့ သားလေးရလာတော့ မိခင်တစ်ယောက်အနေနဲ့ သူ့အတွက် ကိုယ်တတ်နိုင်သမျှထဲက အကောင်းဆုံးတွေကိုသာ ပေးချင်မိတယ်...။ မိဘ အဖြစ်ကို ပီပီပြင်ပြင် ရောက်စေဖို့ တွန်းအား (Drive) က အဲဒီက စလာတယ် လို့ ဆိုနိုင်ပါတယ်…။ သူ့အတွက် ကျွန်မ လိုချင်တာ တချို့ကို ကျေကျေနပ်နပ် စွန့်လွှတ်ခဲ့ရတယ်။ ကျွန်မရဲ့ ဆန္ဒတွေကို အရင်ကလို ရှေ့တန်းတင်လို့ မရတော့ဘူးလို့ အလိုလို သိလာရတယ်။ ကိုယ်ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေကို ဦးစားပေးရမယ်လို့ နားလည်လာခဲ့တယ်။ ဒါတွေဟာ ဘာမှ ကြိုတင် ကြံစည်စရာ မလို၊ မိခင်တစ်ယောက်ရဲ့ သားသမီးအပေါ် အလိုအလျောက် ဖြစ်ပေါ်လာတဲ့ စိတ်စေတနာတွေပါ…။

သားကလေးဟာ ကျွန်မတို့ အတွက် ပျော်ရွင်မှုတွေနဲ့အတူ ကြည်နူးချမ်းမြေ့မှုတွေကို တပွေ့တပိုက် ယူဆောင်လာသူကလေး ဖြစ်တယ်။ သားကလေးကြောင့် မိဘမေတ္တာ ဆိုတာကို ပိုနားလည်လာတယ်။ သားကလေးကြောင့် ကျွန်မတို့ မိသားစုကလေးတစ်ခု ဖြစ်လာတယ်။ တစ တစနဲ့ သားကလေးဟာ ကျွန်မရဲ့ ကမ္ဘာ ဖြစ်လာတဲ့အပြင် သားကလေးရဲ့ မေမေ ခေါ်သံဟာ ကြားဖူးသမျှထဲမှာ အချိုဆုံး တေးသွားတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သားကလေးကြောင့် ကျွန်မ လောဘတွေ ကြီးတတ်လာတယ်…။ ကိုယ်က သူ့ကို အကောင်းဆုံးတွေသာ ပေးချင်မိတာကိုး…။ ဒီတော့ သားကလေးနဲ့အတူ ကျွန်မတို့ ဆက်လျှောက်ရမဲ့လမ်းကို သေသေချာချာ စဉ်းစားရတယ်။ အရင်ကလို ကိုယ်နေချင်သလို နေ၊ ကိုယ် လုပ်ချင်သလို လုပ်၊ ကိုယ်လျှောက်ချင်သလို လျှောက်နေလို့ မဖြစ်တော့ဘူး ဆိုတာ သိလာတယ်။ ကိုယ် သူ့ကို ပေးချင်တာတွေအတွက် အချိန်၊ ငွေကြေး၊ ကိုယ်ကျိုး၊ အတ္တ… အစရှိတာတွေကို အများကြီး ပေးဆပ်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း အဲဒီလို ပေးဆပ်ခဲ့ရတာတွေ အပေါ်မှာ စိုးစဉ်းမှ ငြိုငြင်မှု မရှိခဲ့တာ သူ့အပေါ် ထားခဲ့တဲ့ ကျွန်မရဲ့ မေတ္တာတွေပါပဲ...။

သားလေးနဲ့ ပတ်သက်လို့ သားဆီက ကျွန်မ သင်ယူရတာလေးတွေလည်း ရှိခဲ့ပါတယ်။ အခုအချိန်အထိလည်း သင်ယူနေရဆဲပါ…။ အဓိက ကတော့ သားအပေါ် ကျွန်မ တစ်ဦးတည်း ပိုင်ဆိုင်လိုစိတ်နဲ့ အတ္တတွေကို လျှော့ချပြီး စိတ်ကို ထားတတ်ဖို့ပါ…။ တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတဲ့သားကို သူ တစ်ခုခု တောင်းဆိုလာတဲ့အခါတိုင်း ခွင့်ပြုလို့ ရသမျှကို စည်းကမ်းဘောင်ထဲကနေ ခွင့်ပြုရင်း နားလည် လိုက်လျောတတ်တဲ့ မိခင်တစ်ယောက်ဖြစ်အောင်၊ သူ့ကို လူကြီးလေးတယောက်လို သဘောထား ဆက်ဆံရင်း သူ့ဆန္ဒတွေကို ရဲရဲဝံ့ဝံ့ ထုတ်ဖေါ် ပြောပြတတ်စေဖို့၊ ကိုယ်ဖြစ်စေချင်တာ တစ်ခုထဲကို ရှေ့တန်းတင်ပြီး သူ့ကို တဖက်သတ် တားဆီး ပိတ်ပင်တာမျိုး မလုပ်မိဖို့ လည်း ကျွန်မ သတိထားရပါတယ်။ ဒါတွေကတော့ သားကို ပဲ့ပြင် ထိန်းကျောင်းရင်း ကျွန်မ ရလာတဲ့ သင်ခန်းစာတွေပါ။

သားကလေးနဲ့ ပတ်သက်လို့ ကျွန်မမှာ ရည်မှန်းချက်၊ မျှော်လင့်ချက်နဲ့ ရည်ရွယ်ချက်တွေ များများစားစား ပြောပြစရာ မရှိခဲ့ပါဘူး။ ရှိခဲ့တယ် ဆိုရင်လည်း ဒါဟာ သူ့ အကျိုးအတွက်ပဲ ဖြစ်ပါလိမ့်မယ်…။ ဥပမာ ပြောရရင် သူ အတန်းထဲမှာ စာတော်အောင်၊ အမှတ်များများရအောင် ကြိုးစားစေချင်တဲ့ စိတ်ဟာ သူ့အတွက်နဲ့ သူ့ ရှေ့ရေးအတွက်သာ ဖြစ်တယ်…။ မိခင်တယောက်ဖြစ်တဲ့ ကျွန်မကတော့ သူ့အောင်မြင်မှုတိုင်းမှာ ကိုယ်တိုင် စိုက်ပျိုးထားတဲ့ အပင်လေး တစ်ပင် အသီး အပွင့်တွေ ဝေလာတာကို ကြည့်ရင်း ကြည်နူး ဂုဏ်ယူနေချင်တဲ့ စိတ်တစ်ခုထဲသာ ရှိပါတယ်…။

တစ်ဦးတည်းသောသား ဖြစ်နေတာက တစ်ကြောင်း၊ မြန်မာပြည်မှာ မြန်မာအသိုင်းအဝိုင်းကြားမှာ၊ ဆွေမျိုး ညီအစ်ကို မောင်နှမတွေကြားမှာ ကြီးပြင်းရတဲ့ သားကလေး မဟုတ်တာက တစ်ကြောင်း တို့ကြောင့် မိဘအပေါ်မှာ ကြင်နာ နွေးထွေးမှု၊ နားလည် သိတတ်မှု နည်းပါးမှာတော့ ကျွန်မ နည်းနည်း စိုးရိမ်မိပါတယ်။ အတတ်နိုင်ဆုံးတော့ ကျွန်မ သွန်သင်ပါတယ်။ ကျွန်မကိုယ်တိုင်က မိဘကို စေတနာ မေတ္တာအပြည့်နဲ့ ဂရုစိုက်တတ်တဲ့ သမီးတစ်ယောက် ဖြစ်လေတော့ ကိုယ့်စေတနာအတွက် တူသော အကျိုး ပြန်ရလိမ့်မယ်လို့ ကျွန်မ အမြဲမျှော်လင့်မိပါတယ်။

နောက် နှစ်လ ဆိုရင် ကျွန်မသားကလေး အသက် ဆယ့်ခြောက်နှစ် ပြည့်တော့မှာ…။ ကျွန်မ ဆုတောင်းခဲ့သလိုပဲ သားကလေးဟာ စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ တိုးတက်ဖွံဖြိုးတဲ့ လူကလေးတစ်ယောက် ဖြစ်တယ်။ ဘာသာတရား အဆုံးအမကြောင့် ယဉ်ကျေး လိမ်မာတဲ့ကလေးတစ်ယောက် ဖြစ်တယ်။ ဒါ့အပြင် ပင်ကိုယ် အရည်အသွေးရော ဥာဏ်ရည်ပါ ထက်မြက်တဲ့ ကလေးတစ်ယောက်လည်း ဖြစ်နေပါသေးတယ်။ မိခင်တစ်ယောက်ဖြစ်တဲ့ ကျွန်မဟာ ဒါတွေအတွက် အချိန်တိုင်း ကျေနပ် ပီတိ ဖြစ်မိပါတယ်။ ရှေ့ခရီးကို ဆက်လျှောက်ဖို့ ခွန်အားတွေကိုလည်း ဒီ ကျေနပ်ပီတိတွေက အားဖြည့်ပေးပါတယ်။

အခု ကျွန်မ ပြောခဲ့တာတွေအားလုံက လက်ရှိ မိခင်တစ်ယောက် ဖြစ်နေတဲ့ ကျွန်မရဲ့ သားအပေါ် ထားတဲ့ မေတ္တာ၊ စေတနာ၊ ကျေနပ်ခြင်း ပီတိနဲ့ သင်ယူပြီး သင်ယူဆဲ သင်ခန်းစာတွေ အကြောင်းပါ။

ဆက်ပြီးတော့ မိန်းမတစ်ယောက်ရဲ့ တန်ဖိုးအကြောင်း နည်းနည်းလေး ပြောပြချင်ပါတယ်…။
မနေ့ကညက ဒီမှာ ရုံတင်နေတဲ့ Oshin ဇာတ်ကား သွားကြည့်ဖြစ်ပါတယ်။ Oshin ဆိုတာ ကျွန်မတို့ ငယ်ငယ်က မြန်မာ့အသံကနေ ပြတဲ့ ဇာတ်လမ်းတွဲပါ။ အပိုင်းပေါင်း နှစ်ရာကျော်၊ သုံးရာနီးပါး ရှိတဲ့ ဒီဇာတ်လမ်းကို ရုပ်ရှင်ဇာတ်ကားတစ်ခုအနေနဲ့ နှစ်နာရီစာ ဘယ်လိုများ ပြမှာပါလိမ့်လို့ စိတ်ဝင်တစားနဲ့ သွားကြည့်တာပါ။ ဒါပေမဲ့ သူတို့က မူလ လက်ဟောင်း Oshin တစ်ကားလုံးမဟုတ်ပဲ Oshin ရဲ့ ငယ်ဘဝ အပိုင်းလေးကိုပဲ ရိုက်ထားတာပါ။ ကြည့်လို့တော့ ကောင်းပါတယ်…။

အတိုချုံးပြောပြရရင်တော့ Oshin တို့ မိသားစုမှာ စားစရာ ဆန်မရှိလို့ အိုရှင် မြို့ကိုသွားပြီး အလုပ်လုပ်ရတယ်။ သူ အလုပ်လုပ်တဲ့အိမ်က ပိုက်ဆံ ငါးမူးပျောက်လို့ သူ့ကို သူခိုး စွတ်စွဲလို့ အဲဒီအိမ်ကနေ သူ ထွက်ပြေးလာခဲ့တယ်။ အိမ်ပြန်ရောက်တော့ သူ့မိသားစု အဆင်မပြေတာတွေကို ပြန်တွေ့ပြီး နောက်တခေါက် သူ မြို့ကိုသွားပြီး အလုပ်လုပ်ရတယ်။ အဲလို အလုပ်လုပ်နေရင်း ပွဲတော်ရက်တစ်ရက်မှာ မထင်မှတ်ပဲ သူ့အမေကို ယောက်ျားတစ်စုနဲ့အတူ ဂေရှားမယ် အဖြစ်နဲ့ တွေ့လိုက်ရတယ်။ ခွဲခွာနေရတဲ့ အမေကို တွေ့လို့မှ မပျော်နိုင်၊ အမှောင်ထဲမှာ ၀မ်းနည်းအားငယ်စွာ ငိုနေတဲ့ အိုရှင်ကို သူ့ အိမ်ရှင် အဖွားကြီးက မိန်းမသားတစ်ယောက်ရဲ့ သဘာဝကို ပြောပြတဲ့ အခန်းလေး ပါပါတယ်။

အဲဒီမှာ ပြောသွားတဲ့ စကားလေးတော့… “None of us women work for our own benefit. We work for our parents, husbands and children.” တဲ့…။

မိန်းမသားတစ်ယောက်ရဲ့ တန်ဖိုးကို ဖေါ်ပြတဲ့ ဒီစကားဟာ အင်မတန် မှန်ကန်ပြီး သဘောကျစရာကောင်းတယ်လို့ ကျွန်မ ထင်ပါတယ်။ မိန်းမတစ်ယောက်ဟာ ပထမအဆင့်အနေနဲ့ သူ့မိဘအတွက် ကျေးဇူးပြု ရှင်သန်ခွင့်ရတယ်။ အဲဒါကမှ တစ်ဆင့်တက်လို့ အိမ်ထောင်ကျခဲ့ရင် သူဟာ ခင်ပွန်းအတွက် ချစ်ခြင်းမေတ္တာတွေကို အခြေပြုပြီး ရှင်သန်ခဲ့တယ်။ ပြီးတော့ အဲဒီ အိမ်ထောင်ကနေ ထွန်းကားလာတဲ့ သားသမီးတွေအတွက် ဆက်လက် ရှင်သန်ကြပါတယ်…။ တကယ်လို့များ သူတို့ဘဝမှာ အကြောင်းအကျိုး မညီညွတ်လို့ သားသမီး မထွန်းကားခဲ့ကြသည့်တိုင်အောင် မိန်းမတစ်ယောက်ဟာ အနည်းဆုံးတော့ မိဘနှစ်ပါးနဲ့ ခင်ပွန်းအတွက် အကောင်းဆုံး အကျိုးပြု ရှင်သန်နေကြတဲ့သူတွေ မဟုတ်လား…။ ဒါကို ကြည့်ခြင်းအားဖြင့် မိန်းမတစ်ယောက်ဟာ အိမ်ထောင် ကျသည်ဖြစ်စေ၊ အိမ်ထောင် မကျသည်ဖြစ်စေ၊ သားသမီး ထွန်းကားသည် ဖြစ်စေ၊ မထွန်းကားသည်ဖြစ်စေ ကိုယ်နဲ့ အနီးဆုံး ပတ်ဝန်းကျင်အပေါ် အကောင်းဆုံး ပေးဆပ်နိုင်တဲ့သူတွေဆိုတာ သိပ်သေချာပါတယ်။ တွေးကြည့်လိုက်ရင် အင်မတန်မှ ကျေနပ်စရာကောင်းပါတယ်…။

ဒါကြောင့် ကျွန်မ ချစ်ခင်ရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ၊ အစ်မတွေ ညီမတွေ အားလုံး တန်ဖိုးရှိတဲ့ မိခင်ဘဝ (သို့မဟုတ်) တန်ဖိုးရှိတဲ့ မိန်းမသားဘဝကို ပိုင်ဆိုင်ခွင့်ရနိုင်သူများ ဖြစ်ကြပါစေ လို့ ဆန္ဒပြုပါတယ်…။


ဒီပိုစ့်ကို ရေးဖြစ်အောင် အစပျိုးပေးတဲ့ ညီမ ပန်ပန် ကို ကျေးဇူးတင်ပါတယ်။ မကြာခင် ပိုင်ဆိုင်လာရတော့မယ့် မိသားစုဘဝလေးမှာ အစစ အရာရာ အဆင်ပြေ ပြည့်စုံပါစေ၊ ကျန်းမာ ချမ်းသာစွာနဲ့ ပျော်ရွှင်ချမ်းမြေ့ပါစေ လို့လည်း ဆုတောင်းပေးတယ်နော်…။

လူဗိုလ်ဟူသည် မှ.....
Read More

" နွားနို့ ထဲက ဖားလေးနှစ်ကောင် "

9:53 PM |

နွားနို့ ထဲက ဖားလေးနှစ်ကောင်…
===================

*****(အချိန်လေးနည်းနည်းပေးပြီးဖတ်ကြည့်ပေးပါ တခုခုတော့ရသွားမှာပါ)*******

တစ်ခါတုန်းက ဖားနှစ်ကောင်ရှိတယ်။ တစ်ကောင်က ၀၀ကစ်ကစ်လေးနဲ့ နောက်တစ်ကတော့ ပိန်ညောင်နေတာပဲတဲ့။ တစ်နေ့ တော့ ဒီဖားနှစ်ကောင်ဟာ အစာရှာစားရင်းနဲ့ မမျှော်လင့်ပဲ နွားနို့ အိုးကြီးထဲ ကို ကျသွားတယ်။ သူတို့ ကပြန်ထွက်ဖို့ ကြိုးစားပေမယ့် နွားနို့ အိုး နှုတ်ခမ်းက ချောနေတာကြောင့် ထွက်လို့  မရဖြစ်နေပြီး နွားနို့ ထဲမှာပဲ ကူးခပ်နေတယ်။

ဖားဝတုတ်လေးက ဂျပိန်ဖားလေးကို “ကိုကြီးဖားရယ် ဒီလိုပဲ ကူးခပ်နေရတာ ဘာအကျိုးမှလည်းမရှိပါဘူး။ မကြာခင် နို့ ထဲမှာ နစ်သေတော့မယ့်အတူတူ အရှုံးပေးလိုက်တာကမှ ပိုကောင်းဦးမယ်ဗျာ” လို့ ပြောလိုက်တယ်။ ဒါနဲ့ ဂျပိန်ဖားလေးက “အားတင်းထားပါ ညီလေးရာ။ ဆက်ပြီး ကူးခပ်နေပါကွာ၊ ငါတို့ ကို တစ်ယောက်ယောက်က လာကယ်မှာပါ” လို့ ပြန်ပြောလိုက်တယ်။ ဒါနဲ့ အဲဒီဖားလေးနှစ်ကောင်က နွားနို့ ထဲမှာ ဆက်ပြီး ကူးခပ်နေတာပေါ့။

ခဏကြာပြန်တော့ ဖားဝတုတ်လေးက ဂျပိန်ဖားလေးကို “ကိုကြီးဖားရယ် ဘာမှလည်း မထူးပါဘူးဗျာ၊ ကျွန်တော်တော့ အရမ်းမောနေပြီဗျာ၊ ကျွန်တော်တော့ ဆက်မကူးခပ်နိုင်တော့ဘူး၊ နွားနို့ ထဲ နှစ်ရင်လည်း နှစ်ပါစေတော့ဗျာ။ ဒီနေ့ က တနင်္ဂနွေနေ့ ဆိုတော့ ဘယ်သူကမှ အလုပ်ကိုလာမှာလည်း မဟုတ်ဘူး၊ ကျွန်တော်တို့ တော့ မျှော်လင့်ချက်မရှိတော့ပါဘူးဗျာ၊ ဒီကနေလည်း ထွက်နိုင်တော့မှာ မဟုတ်ပါဘူးဗျာ” လို့ ပြောပြန်တော့ ဂျပိန်ဖားလေးက “အားတင်းထား ပါကွာ၊ ဆက်ပြီးတော့ ကူးနေစမ်းပါ၊ တစ်ခုခုတော့ ဖြစ်လာမှာပေါ့၊ ကူးထား၊ ကူးထား” လို့ ပြန်ပြောတယ်။ ဒီလိုနဲ့ အချိန်နာရီ တော်တော်ကုန်သွားတယ်။

နောက်တစ်ခါ ဖားဝတုတ်လေးက ဂျပိန်ဖားလေးကို “ကိုကြီးဖားရယ် ကျွန်တော်တော့ ဆက်ပြီး မကူးနိုင်တော့ဘူး။ ဒီလိုပဲ ကူးခပ်နေရတာ ဘာအကျိုးမှလည်း မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ နွားနို့ ထဲ နှစ်သေမှာပဲ၊ ဘာလို့ ကူးနေရဦးမှာလဲဗျာ” လို့ ပြောပြီး ဆက်မကူးတော့ပဲ ရပ်လိုက်တယ်။ ဖားဝတုတ်လေး က နောက်ဆုံးတော့ အရှုံးပေးလိုက်တယ်။ ဒါနဲ့ ပဲ သူဟာ နွားနို့ ထဲကို နှစ်ပြီး သေသွားတယ်။ ဂျပိန်ဖားလေးကတော့ ဆက်ပြီး ကူးခပ်နေတယ်။

ဆယ်မိနစ်လောက်လဲကြာရော ဂျပိန်ဖားလေးက သူ့ ခြေထောက်အောက်မှာ ခပ်မာမာ အရာတစ်ခုကို စမ်းမိလိုက်တယ်။ သူဟာ နွားနို့ တွေကို ထောပတ် ဖြစ်သွားအောင် ကူးခပ်ခြင်းအားဖြင့် မွှေလိုက်တာပါပဲ။ နောက်ဆုံးမှာတော့ အဲဒီ ထောပတ်ကို ထောက်ပြီး အားယူပြီး အိုးထဲကနေ အပြင်ရောက်အောင် ခုန်ထွက်သွားနိုင်ခဲ့တယ်။

ကျွန်တော်တို့ တွေလဲ ဘယ်လောက်ကြီးမားတဲ့ အခက်အခဲနဲ့ ကြုံတွေ့ နေရပါစေ အားမလျှော့ပဲ နောက်ဆုံးအချိန်အထိ ရုန်းကန်လှုပ်ရှားပြီး ကြိုးစားကူးခပ်ဖို့  လိုအပ်ပါတယ်။ ကျွန်တော်တို့ အတွက် ရုန်းထွက်နိုင်တဲ့ နည်းလမ်းဆိုတာကို ကျွန်တော်တို့ ရဲ့ ရုန်းကန်မှုထဲကသာ ရှာဖွေတွေ့ ရှိနိုင်မှာပါ။ ဒါကြောင့် အားမလျှော့ပဲ ဆက်လက် ကူးခပ်ကြရအောင်နော်။
တစ်ခါတုန်းက ဖားနှစ်ကောင်ရှိတယ်။ တစ်ကောင်က ၀၀ကစ်ကစ်လေးနဲ့ နောက်တစ်ကတော့ ပိန်ညောင်နေတာပဲတဲ့။ တစ်နေ့ တော့ ဒီဖားနှစ်ကောင်ဟာ အစာရှာစားရင်းနဲ့ မမျှော်လင့်ပဲ နွားနို့ အိုးကြီးထဲ ကို ကျသွားတယ်။ သူတို့ ကပြန်ထွက်ဖို့ ကြိုးစားပေမယ့် နွားနို့ အိုး နှုတ်ခမ်းက ချောနေတာကြောင့် ထွက်လို့  မရဖြစ်နေပြီး နွားနို့ ထဲမှာပဲ ကူးခပ်နေတယ်။
ဖားဝတုတ်လေးက ဂျပိန်ဖားလေးကို “ကိုကြီးဖားရယ် ဒီလိုပဲ ကူးခပ်နေရတာ ဘာအကျိုးမှလည်းမရှိပါဘူး။ မကြာခင် နို့ ထဲမှာ နစ်သေတော့မယ့်အတူတူ အရှုံးပေးလိုက်တာကမှ ပိုကောင်းဦးမယ်ဗျာ” လို့ ပြောလိုက်တယ်။ ဒါနဲ့ ဂျပိန်ဖားလေးက “အားတင်းထားပါ ညီလေးရာ။ ဆက်ပြီး ကူးခပ်နေပါကွာ၊ ငါတို့ ကို တစ်ယောက်ယောက်က လာကယ်မှာပါ” လို့ ပြန်ပြောလိုက်တယ်။ ဒါနဲ့ အဲဒီဖားလေးနှစ်ကောင်က နွားနို့ ထဲမှာ ဆက်ပြီး ကူးခပ်နေတာပေါ့။
ခဏကြာပြန်တော့ ဖားဝတုတ်လေးက ဂျပိန်ဖားလေးကို “ကိုကြီးဖားရယ် ဘာမှလည်း မထူးပါဘူးဗျာ၊ ကျွန်တော်တော့ အရမ်းမောနေပြီဗျာ၊ ကျွန်တော်တော့ ဆက်မကူးခပ်နိုင်တော့ဘူး၊ နွားနို့ ထဲ နှစ်ရင်လည်း နှစ်ပါစေတော့ဗျာ။ ဒီနေ့ က တနင်္ဂနွေနေ့ ဆိုတော့ ဘယ်သူကမှ အလုပ်ကိုလာမှာလည်း မဟုတ်ဘူး၊ ကျွန်တော်တို့ တော့ မျှော်လင့်ချက်မရှိတော့ပါဘူးဗျာ၊ ဒီကနေလည်း ထွက်နိုင်တော့မှာ မဟုတ်ပါဘူးဗျာ” လို့ ပြောပြန်တော့ ဂျပိန်ဖားလေးက “အားတင်းထား ပါကွာ၊ ဆက်ပြီးတော့ ကူးနေစမ်းပါ၊ တစ်ခုခုတော့ ဖြစ်လာမှာပေါ့၊ ကူးထား၊ ကူးထား” လို့ ပြန်ပြောတယ်။ ဒီလိုနဲ့ အချိန်နာရီ တော်တော်ကုန်သွားတယ်။
နောက်တစ်ခါ ဖားဝတုတ်လေးက ဂျပိန်ဖားလေးကို “ကိုကြီးဖားရယ် ကျွန်တော်တော့ ဆက်ပြီး မကူးနိုင်တော့ဘူး။ ဒီလိုပဲ ကူးခပ်နေရတာ ဘာအကျိုးမှလည်း မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ နွားနို့ ထဲ နှစ်သေမှာပဲ၊ ဘာလို့ ကူးနေရဦးမှာလဲဗျာ” လို့ ပြောပြီး ဆက်မကူးတော့ပဲ ရပ်လိုက်တယ်။ ဖားဝတုတ်လေး က နောက်ဆုံးတော့ အရှုံးပေးလိုက်တယ်။ ဒါနဲ့ ပဲ သူဟာ နွားနို့ ထဲကို နှစ်ပြီး သေသွားတယ်။ ဂျပိန်ဖားလေးကတော့ ဆက်ပြီး ကူးခပ်နေတယ်။
ဆယ်မိနစ်လောက်လဲကြာရော ဂျပိန်ဖားလေးက သူ့ ခြေထောက်အောက်မှာ ခပ်မာမာ အရာတစ်ခုကို စမ်းမိလိုက်တယ်။ သူဟာ နွားနို့ တွေကို ထောပတ် ဖြစ်သွားအောင် ကူးခပ်ခြင်းအားဖြင့် မွှေလိုက်တာပါပဲ။ နောက်ဆုံးမှာတော့ အဲဒီ ထောပတ်ကို ထောက်ပြီး အားယူပြီး အိုးထဲကနေ အပြင်ရောက်အောင် ခုန်ထွက်သွားနိုင်ခဲ့တယ်။
ကျွန်တော်တို့ တွေလဲ ဘယ်လောက်ကြီးမားတဲ့ အခက်အခဲနဲ့ ကြုံတွေ့ နေရပါစေ အားမလျှော့ပဲ နောက်ဆုံးအချိန်အထိ ရုန်းကန်လှုပ်ရှားပြီး ကြိုးစားကူးခပ်ဖို့  လိုအပ်ပါတယ်။ ကျွန်တော်တို့ အတွက် ရုန်းထွက်နိုင်တဲ့ နည်းလမ်းဆိုတာကို ကျွန်တော်တို့ ရဲ့ ရုန်းကန်မှုထဲကသာ ရှာဖွေတွေ့ ရှိနိုင်မှာပါ။ ဒါကြောင့် အားမလျှော့ပဲ ဆက်လက် ကူးခပ်ကြရအောင်နော်။

အင်တာနတ်(သတင်း)-မှ
Read More

" တညင်းသီးပုံပြင် "

5:45 AM |


ရှေးက ရမ္မာပူရပြည့်ရှင် ဘုရင်မင်းတရားကြီးမှာ သမီးတော်လေးတစ်ပါး ထွန်းကားပါတယ်။ ဘုရင့်သမီး တော် အရွယ်ရောက်တဲ့အခါ သူ့အလှကျက်သရေက လူ့ပြည်လောကမှာ စံနှိုင်းမရအောင် လှတယ်။ ဒီလှသတင်းဟာလည်း ပြည်ထောင်ချင်းချင်း မင်းအပေါင်းထံနှံ့အောင် ပျံလွင့်သွားတယ်။

ပည်ထောင်ချင်းချင်း မင်းတွေကလည်း ဒီသတင်းရတယ်ဆိုရင်ပဲ ရမ္မာပူရပြည့်ရှင် ဘုရင်မင်းကြီးဆီ လက်ဆောင်ပဏ္ဏာ အမြောက်အများနဲ့ သဝဏ်လွှာပါးပြီး လှထိန်ခေါင်တင် သမီးတော်ကို တောင်းကြတယ်။

ဒီအခါ ရမ္မာပူရပြည့်ရှင်ဘုရင်ကြီးဟာ သူ့သမီးချော သမီးလှအတွက် ပြည်ထောင်အချင်းချင်းမင်းတွေ စစ်ခင်း ကြတော့မယ်၊ သူ့အတွက်လည်း အင်မတန် အရေးကြီးနေပြီဆိုတာကို သိတယ်။ ဒါနဲ့ သမီးတော်ကို နန်းတော်ထဲက ကြာမျိုးငါးပါးနဲ့ တင့်တယ်တဲ့ မင်္ဂလာရေကန်အလယ်မှာ ကြာပွင့်ပြသာဒ်နဲ့ ထားပြီး တစ်ရာ့ တစ်ပါးသော မင်းများဆီ သဝဏ်လွှာပါးလိုက်တယ်။

ဘုရင်ကြီးရဲ့ သဝဏ်လွှာကတော့ သူ့သမီးတော် လှထိပ်ခေါင်တင်ကို နန်းတွင်းက မင်္ဂလာရေကန်အလယ်မှာ ကြာပွင့်ပြသာဒ်နဲ့ စံနေစေပါတယ်။ ဘယ်လိုဘုန်းတန်ခိုးနဲ့ ပြည့်စုံပြီး သတ္တိရှိတဲ့ မင်းသားမဆို ကိုယ့်ကိုယ်ကို ရေမစွတ်စေဘဲ သမီးတော်ကို ဆောင်ကြဉ်းနိုင်တယ်ဆိုရင် အဲဒီမင်းသားနဲ့ လက်ထပ်ထိမ်းမြားပေးမယ် ဆိုတဲ့ သဝဏ်လွှာတွေဖြစ်တယ်။

ဒီသဝဏ်လွှာကို ရကြတော့ ပြည်ထောင်ချင်းချင်း တစ်ရာ့တစ်ပါးသော မင်းတွေဟာ ရမ္မာပူရပြည့်ရှင် ဘုရင်ကြီးရဲ့ နန်းတော်ကို လာကြတယ်။ ပြီးတော့ မင်္ဂလာရေကန်အလယ်မှာ ကြာပွင့်ပြသာဒ်နဲ့ စံနေတဲ့ လှထိပ်ခေါင်တင် မင်းသမီးကလေးဆီ သွားဖို့ကြံကြတယ်။ ဒါပေမယ့် သူတို့ ကိုယ်ကို ရေမစိုဘဲ ဘယ်နည်းနဲ့မှ ကန်ထဲက မင်းသမီးဆီ မရောက်နိုင်ဘူးဆိုတာ သိကြတာနဲ့ ကန်ပတ်လည်မှာ ဝိုင်းထိုင်မှိုင် နေကြတယ်။ ရမ္မာပူရပြည့်ရှင် ဘုရင်ကြီးကလည်း သမီးတော်လှထိပ်ခေါင်ကို (၃) ရပ်အတွင်း ဆောင်ကျဉ်းပါလို့ ရက်အကန့်အသတ်နဲ့ ထားတယ်။

ဒီသတင်းဟာ လူ့ပြည်တွင်မကဘဲ နတ်ပြည်အထိ ကျော်ကြားသွားတယ်။ သတင်းဖြစ်ပုံက ရမ္မာပူရပြည့်ရှင် ဘုရင့်သမီးတော်လေးဟာ လူမက နတ်မ, မျှလှကြောင်း၊ ချောတဲ့အကြောင်း၊ ဒီအလှရှင်မလေးကို ပိုင်ဆိုင် နိုင်ကြဖို့ အပြည်ပြည်ထောင်က မင်းသားများ အလှရှင်မလေး စံနေတဲ့ မင်္ဂလာရေကန်လယ်က ကြာပွင့်ပြ သာဒ်ကို ဝန်းရံနေကြကြောင်း စတဲ့ သတင်းဖြစ်တယ်။ ဒီသတင်းဟာ မြို့တွေ ရွာတွေမှာ ရှိတဲ့ နတ်တွေက တစ်ဆင့် ဟိမဝန္တာက နတ်တွေဆီရောက်သွားတယ်။ ဟိမဝန္တာတောက နတ်တွေက တစ်ဆင့် မြင်းမိုရ် တောင်က နတ်တွေ ဒီသတင်းကို ကြားပြန်တယ်။ ဒီလို အဆင့်ဆင့်နဲ့ နတ်ပြည်တစ်ပြည်လုံးကို မင်းသမီး ကလေးရဲ့ အလှအကြောင်း ကျော်ကြားသွားတာဖြစ်တယ်။

သုတိတာနတ်ပြည်က ကြင်ယာမရှိသေးတဲ့ နတ်သားတစ်ပါးက ဒီသတင်းကို ကြားရင်ကြားချင်း နတ်ပြည်က ဆင်းလာပြီး မင်္ဂလာရေကန်အလယ် ကြာပွင့်ပြသာဒ်မှာ စံနေတဲ့ မင်းသမီးကလေးကို ပွေ့ချီ၊ နတ်ပြည် ဆောင်ကြဉ်းသွားတယ်။

ဒီလို မင်းသမီးကလေးကို နတ်သားတစ်ပါးက ဆောင်ကျဉ်းသွားတာကို ရေကန်မှာ ဝန်းရံနေတဲ့ မင်းသား တွေ မြင်လိုက်ရတဲ့အခါ စိတ်အပျက်ကြီးပျက်ကုန်ကြတယ်၊ အဆွေးကြီးဆွေးကုန်ကြတယ်။ တစ်ခါ တည်း အချစ်နာကြပြီး ငေးမှိုင်ကုန်ကြတယ်။ ဒါကို ပညာရှိအမတ်ကြီးတွေသိတော့ အဲဒီမင်းသားတွေကို ချော့မော့ ပြီး သူ့တိုင်းပြည်သူပြန်ပို့လိုက်တယ်။ မင်းသားတွေဟာ သူတို့ရဲ့တိုင်းပြည်ကို ပြန်ရောက်တဲ့ တိုင်အောင် မင်းသမီးကလေးအပေါ် စွဲလမ်းတဲ့စိတ်ကြောင့် မစားနိုင် မအိပ်နိုင်ကြဘူး တမှိုင်မှိုင်တတွေတွေဖြစ်ပြီး အချစ်နာကျတာကို ခံနေကြရတယ်။

မင်းသမီးကလေး တုသိတာနတ်ပြည် ရောက်သွားတဲ့အခါ နတ်သားက မင်းသမီးကလေးကို သူ့ဥယျာဉ်မှာ ခဏထားထားတယ်။

ဒီလို လူပြည့်က လူမက နတ်မ မျှလှတယ်ဆိုတဲ့ မင်းသမီးနတ်ပြည်ရောက်လာတယ် ဆိုတဲ့သတင်းကို တစ်ဆင့်စကား တစ်ဆင့်နားနဲ့ နတ်သမီးတွေကြားတော့ မင်းသမီးကလေးရဲ့ အလှကို လာလာကြည့်တယ်။ ကြည့်ပြီး ကျော်သလောက်လည်း လှရှာပါပေတယ်လို့ ချီးမွမ်းကြတယ်။ မင်းသမီးကလေးရဲ့ ဝတ်စားဆင် ယင်ပုံကိုလည်း အင်မတန် နှစ်ခြိုက် သဘောကျကြတယ်။ မင်းသမီးကလေးကတော့ သူ့ကို နတ်သမီးတွေ လာလာပြီး ကြည့်ကြတာကိုပဲ မနေတတ် မထိုင်တတ်ဖြစ်နေတယ်။

နတ်သားကလည်း သူ့ကြင်ယာလောင်း လူမင်းသမီးကလေးကို အင်မတန် မြတ်နိုးတယ်။ နတ်ပြည်မှာ အကောင်းဆုံးဖြစ်တဲ့ သူ့ဥယျာဉ် ခြံထွက်အသီးတွေကို ခူးကျွေးတယ်။ ဒီအသီးတွေထဲမှာ တညင်းသီးလည်း ပါလို့ မင်းသမီးကလေးဟာ မပြောတတ်တဲ့ ပြောလို့မတတ်တဲ့ အရသာမျိုးရှိတဲ့ တညင်းသီးကို အင်မတန် နှစ်သက်တယ်။ ဒါကြောင့်ပဲ တခြားအသီးတွေကို တို့ကာဆိတ်ကာသာစားပြီး တညင်းသီးကိုပဲ မက်မက် မောမော စားနေမိတယ်။

လူမင်းသမီးကလေး နတ်ပြည်ရောက်နေပြီ ဆိုတဲ့သတင်းဟာ နတ်သမီးတွေကတစ်ဆင့် နောက်ဆုံး သိကြားမင်းဆီ ရောက်သွားတယ်။ ဒီတင် သိကြားမင်းက တုသိတာနတ်သားကို ခေါ်ပြီး လူနဲ့ နတ်စာ ဒီပုံဒီနည်း ဆက်ဆံလို့ မဖြစ်ဘူး။ ဒါကြောင့် လူ့ပြည်ကို ချက်ချင်းပြန်ပို့ရမယ်လို့ အမိန့်ချလိုက်တယ်။

နတ်သားဟာ စိတ်ပျက်လက်ပျက်နဲ့ သိကြားမင်းဆီက ပြန်လာပြီး မင်းသမီးကလေးကို "လှထိပ်ခေါင်တင် လူသားမင်းသမီး၊ သင့်ကို လူ့ပြည်ပြန်ပို့ရမယ်လို့ သိကြားမင်းဆီက အမိန့်ပါလာတယ်။ ဒါကြောင့် ကျွန်ုပ် ဘယ်လောက်ချစ်ပေမယ့် အမိန့်ကို မလွန်ဆန်ဝံ့လို့ လူ့ပြည်ကို ပြန်ပို့ရတော့မယ်။ အသင့်သာ ပြင်ထားပါ တော့" စိတ်ပျက်ပျက်နဲ့ ပြောလိုက်တယ်။

နတ်သားရဲ့စကားကို ကြားတော့ မင်းသမီးကလေးက သူလူ့ပြည်ကို ပြန်ရပြီး မိဘနှစ်ပါးနဲ့ တွေ့ရတော့ မှာဖြစ်လို့ အင်မတန်ဝမ်းသာသွားတယ်။ ပြီးတော့ လူပြည်ကို ပြန်ရောက်ရင် နတ်ပြည်မှာ အင်မတန်ကြိုက် တဲ့ အသီးဖြစ်တဲ့ တညင်းသီးကို စားရတော့မှာ မဟုတ်တော့ဘူး။ လူ့ပြည်မှာ တညင်းသီးစားရအောင် မျိုးရဖို့ တညင်းသီးတစ်လုံးကို ယူသွားမှဖြစ်မယ်။ ဒါပေမယ့် ဒီလိုယူသွားတာကို နတ်သားကသိရင် ကန့်ကွက်မှာ အမှန်ပဲ။ ဒီတော့ နတ်သားမသိအောင် ဝှက်သွားမှတော်မယ်လို့ ကြံပြီး တညင်းသီးတစ်လုံးကို လူ့ပြည်ယူ သွားဖို့ သူ့မမြင်ကွယ်ရာမှာ ထည့်ပြီး ဝှက်ထားလိုက်တယ်။

နတ်သားကလည်း သိကြားမင်းရဲ့အမိန့်အတိုင်း မင်းသမီးကလေးကို အသာပွေ့ပြီး လူ့ပြည်ကို ဆင်းခဲ့တယ်။ ပြီးတော့ ရမ္မာပူရ ပြည့်ရှင်ဘုရင်ကြီးရဲ့ နတ်ဆောင်က သမီးတော်ဆောင်မှာ မင်းသမီးကလေးကိုထားပြီး နတ်ပြည်ကိုပြန်သွားတယ်။

မင်းသမီးကလေး နတ်ပြည်က ပြန်ရောက်လာတဲ့အကြောင်းဟာ မကြာခင်ပဲ နန်းတော်ထဲမှာ ပြန့်နှံ့သွား တယ်။ ဘုရင်ကြီးနဲ့တကွ တစ်နန်းတော်လုံး ဝမ်းသာအားရဖြစ်ပြီး ဒီသတင်းဟာ နေ့မကူးခင် တစ်မြို့လုံး လွှမ်းခြုံသွားတယ်။

ဒီအချိန်မှာ မင်းသမီးကလေးဟာ နူးညံ့သူဖြစ်တဲ့အတိုင်း လူ့ပြည်က နတ်ပြည်၊ နတ်ပြည်ကလူ့ပြည် စုန်ကာ ဆန်ကာ သွားလာခဲ့ရလို့ ပင်ပန်းပြီး နေမကောင်းဖြစ်တယ်။။ ဒီလို မင်းသမီးကလေး နေမကောင်းဖြစ်တာကို နန်းတော်က ဘုရင့်သမားတော်ကြီးတွေနဲ့ကုကြတယ်။ ဒါပေမယ့် မကြာခင်ပဲ မင်းသမီးကလေး နတ်ရွာစံ သွားတယ်။

မင်းသမီးကလေး နတ်ရွာစံသွားတော့ တစ်နန်းတော်လုံး တစ်မြို့လုံး ဝမ်းနည်းပက်လက် ဖြစ်ကြတယ်။ ဘုရင်ကြီးကလည်း သမီးတော်ရဲ့ အလောင်းကို ကြာကြာမကြည့်ရက်တာကြောင့် ချက်ချင်းပဲ မြေမြှုပ် သင်္ဂြုဟ် လိုက်တဲ့အခါမှာ နတ်ပြည်က ဝှက်ယူလာတဲ့ တညင်းသီးပါ တစ်ပါတည်း မြှုပ်မိတာကြောင့် မကြာ ခင်ပဲ မင်းသမီးရဲ့ သင်္ချိုင်းက တညင်းပင်တစ်ပင်ပေါက်လာတယ်။

ဒီပေါက်လာတဲ့ တညင်းပင်ရဲ့ အသီးဟာ နတ်ပြည်မှာတုန်းက မွှေးတဲ့ အသီးဖြစ်ပေမယ့် အခုတော့ ဝှက်ယူ လာရတဲ့ မင်းသမီးရဲ့ မကောင်းမှုနဲ့ ပေါက်လာရတာဖြစ်လို့ အနံ့က ခပ်ဆိုးဆိုးဖြစ်သွားပါတယ်။ ဒါပေမယ့် စားလို့တော့ အရသာကို မဖော်ပြနိုင်အောင် အင်မတန်မှကောင်းတဲ့ အသီးဖြစ်တယ်။

ဒီလို မင်းသမီးကလေး လူ့ပြည်ပြန်ရောက်ပြီး သေဆုံးသွားတဲ့ အကြောင်း၊ မင်းသမီးအလောင်းကို မြှုပ်ရာ သင်္ချိုင်းပေါ် တညင်းပင်ဆိုတဲ့ အပင်တစ်ပင်ပေါက်နေကြောင်းကို အပြည်ပြည်ထောင်က အမင်းမင်းတွေ ကြားကြပြန်တယ်။ ဒီတင် မင်းသမီးကလေးကို တမ်းတမ်းစွဲဖြစ်နေတဲ့ မင်းသားများ ဖြစ်ကြတဲ့အတိုင်း မင်းသမီးရဲ့ သင်္ချိုင်းကို အခြွေအရံတွေနဲ့ လာကြတယ်။ ပြီးတော့ မင်းသမီးမြှုပ်ရာ သင်္ချိုင်းပေါ်မှာပေါက်တဲ့ တညင်းပင်က အသီးကိုလည်း မင်းသမီးရဲ့ ချစ်လက်ဆောင်လို့ သဘောထားပြီး စားကြတယ်။ ဒီလို စားလိုက်တော့ တညင်းသီးရဲ့အရသာက အင်မတန်ကောင်းလွန်းလို့ သူတို့ခံစားနေရတဲ့ အချစ်ဝေဒနာဟာ သက်သာပျောက်ကင်သွားတယ်လို့တောင် ထင်မှတ်ကြတယ်။

မင်းသားတွေဟာ ဒီလိုမင်းသမီးကလေးရဲ့ သင်္ချိုင်းမှာ လာရောက် အလွမ်းဖြေကြပြီးနောက် တညင်းပင်က တညင်းသီးတွေကို ခူးကာ သူတို့တိုင်းပြည်ကို ပြန်ကြတယ်။ တိုင်းပြည်ရောက်တော့ တစ်ပြည်လုံး တော လက်ကျေးရွာမကျန် မင်းသမီးကလေးရဲ့ ချစ်လက်ဆောင် အသီးဆိုပြီး တောင်သူများကို စိုက်ပျိုးစေတယ်။ ကာလကြာတော့ ဒီအသီးမျိုျးွှေစာ ပြန့်ပွားပြီး ရာမညတိုင်းပြည်ကြီး တစ်ပြည်လုံး တညင်းသီးလှိုင်လှိုင်ပေါတဲ့ အထိ များပြားလာတယ်။

တညင်းသီးစာ ဒီကနေ့အထိ မခေါ်တတ် မပြောတတ်တဲ့ နတ်သုဒ္ဓါအဝင်အပါ အရသာတစ်မျိုးရှိနေသေးပြီး အနံကတော့ လူ့ပြည်ရောက်မှ ဖြစ်တဲ့ အနံ့ခပ်ဆိုးဆိုးပဲ ရှိနေသေးတယ်။ ဒါပေမယ့် လူတိုင်းကြိုက်တဲ့ အသီးဖြစ်လို့ စာသူတွေသာ ပိုလို့သာများများလာတယ်။ ဒီအသီဟာ မူလက နတ်ပြည်ကနေ မင်းသမီး ကလေးက မမြင်ကွယ်ရာမှာ ဝှက်ပြီး ယူလာရတဲ့အသီး ဖြစ်ကြောင်းလည်း မမေ့သင့်ဘူးလို့ မွန်ပုံပြင် ဆရာများက တညင်းသီးပုံပြင်ကို ပြောလေ့ရှိကြတယ်။

လူထုဦးလှ
တိုင်းရင်းသား ပုံပြင်များ

Read More

" အင်တာနက်ကိုမုန်းတယ်၊မိန်းမတွေကိုမုန်းတယ်၊ကိုယ့်ကိုကိုယ်အမုန်းဆုံးပဲ"

10:13 PM |















အင်တာနက်ကို ညဥ့်နက်သန်းခေါင်ထိ သုံးချင်တဲ့သူတွေနဲ့သက်ဆိုင်တဲ့ ဇာတ်လမ်းကောင်းတစ်ခုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(အရမ်းကောင်းတဲ့ အချစ်ဇာတ်လမ်းလေးပါ။ ဖတ်ကြည့်စေချင်ပါတယ်)

........................................................................................

သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့ သူတက်အလာကို စောင့်နေတတ်သည်မှာ
ကျွန်မအတွက် အကျင့်တစ်ခုလို ဖြစ်နေသည်။

အခန်းထဲတွင် မီးများကို ပိတ်ပြီး
ကျွန်မတစ်ယောက်တည်း ထိုင်နေမိသည်။ ကွန်ပျူတာ screen ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့
မီးရောင်မှလွဲ၍ အခန်းတစ်ခုလုံး မှောင်အတိကျနေသည်။ သူ၏ screen name မှာ
(midnight)ဖြစ်ပြီး သန်းခေါင်ယံည(၁၂)နာရီတိတိတွင် online ပေါ်သို့ တက်လာတတ်သည်။
ကျွန်မမှာ ညတွင်မအိပ်ဘဲ အင်တာနက်ပေါ်တွင် ခြေဆန့်နေတတ်သော
ဇီးကွက်တစ်ကောင်ဖြစ်သည်။ ပထမဆုံးအကြိမ် ကျွန်မဆီပို့သော သူ၏ message မှာ
ထိုစာကြောင်းလေးဖြစ်သည်။

"အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို
အမုန်းဆုံးပဲ"
ထိုစာကြောင်းကို ဖတ်ပြီး ကျွန်မစိတ်ဝင်စားသွားမိသည်။ ကျွန်မလည်း
ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး ပို့လိုက်မိသည်။
ကျွန်မပို့သော စာကိုဖတ်ပြီး သူပေါက်ကရထပ်ပြောတော့မည် မဟုတ်ဟု ကျွန်မတွေးမိသည်။

"ကိုယ့်ကိုယ်ဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား"
သို့သော် တစ်မိနစ်မျှပင် မကြာလိုက်....
"ဟုတ်တယ်.. ကျွန်တော်က အခုသရဲလေ"
"ဟား....သရဲဖြစ်ရတာပျော်လား"
"ကျွန်တော် မပျော်ပါဘူး။ ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွက် ကျွန်တော်မကျွတ်ဘူး"
"ဟား...ဟား.. အချစ်အတွက်ကြောင့်လား"

ဒီလိုနှင့် စာတွေ အပြန်အလှန်ပို့ကြရင်း သူနှင့် ကျွန်မ online သူငယ်ချင်း
ဖြစ်သွားကြသည်။ သူသည် သူ့ကိုယ်သူ တစ္ဆေတစ်ကောင်အဖြင့် သတ်မှတ်ထားသော
ယောကျာ်းလေးတစ်ယောက် ဖြစ်သည်။ သူသည် ညတိုင်း သန်းခေါင်ယံအချိန်တွင် တိကျစွာonline
ပေါ်သို့ ရောက်လာတတ်သည်။ ထိုအပြုအမှုများကြောင့် သူ့ကို အံ့သြထိန့်လန့်စွာ
ကျွန်မပိုစိတ်ဝင်စားမိသည်။ တစ္ဆေသရဲ အင်တာနက် သုံးပါ့မလား... ဒါဟာ တိုက်ဆိုင်တဲ့
နောင်ပြောင်မှု တစ်ခုပဲဖြစ်မည်ဟု ကျွန်မ ဖြေသိမ့်မိသည်။ သူသည် အရင်ကတည်းက
ကျွန်မ၏ရုပ်ရည်ကို မြင်ဖူးထားသည့်အလား ဘယ်တော့မှ ကျွန်မ၏ ပုံပန်းသဏ္ဍာန်ကို
မမေးဖူးခဲ့။ တစ်ခါတရံ သူသည် ကျွန်မဘေးတွင်ရှိနေခဲ့ပြီး ကျွန်မကို
ထိုင်ကြည့်နေသည်ဟု ခြောက်တတ်သေးသည်။

"ကျွန်မ အခုဘာလုပ်နေလဲ"
တစ်ခါတရံ နောက်ပြောင်ပြီး သူ့ကို ကျွန်မမေးဖူးသည်။ ခဏမျှ သူနှုတ်ဆိတ်
နေတတ်ပြီး...
"တော်ပါပြီ... ကျွန်တော်မပြောချင်ဘူး.. ပြောလိုက်ရင် လန့်သွားဦးမယ်"
"ကော်ဖီတွေ သိပ်မသောက်နဲ့လေ"
"ပုံဆိုးပန်းဆိုး ထိုင်မနေနဲ့လေ"
တစ်ခါတရံ ကျွန်မ မျှော်လင့်မထားသော စကားများကို သူပြောတတ်သည်။ ထိုစာရသော
အချိန်တွင် တိုက်ဆိုင်စွာ ကျွန်မမှာ ကော်ဖီသောက်နေသည့်အချိန် (သို့)
ထိုင်ခုံပေါ်တွင် ခြေအစုံကို စုတင်ပြီး ငုတ်တုတ်ထိုင်ကာ ကျွန်ပျူတာကို
စိုက်ကြည့်နေသည့် အချိန်ဖြစ်သည်။

ကျွန်မနှင့် chatting လုပ်နေသော အချိန်များတွင် သူ့ဘ၀နောက်ကြောင်းကို
ပြောပြတတ်သည်။ သူသည် အသက်(၂၃)နှစ်ဖြစ်ပြီး chat room ထဲမှ မေ"ဟုခေါ်သော
မိန်းကလေးတစ်ယောက်ကို အစွဲအလမ်းကြီးစွာ ချစ်မိခဲ့ကြောင်း၊ မေ"ကြောင့်
သူ့ကိုယ်သူ အဆုံးစီရင်မိကြောင်း၊ အင်တာနက်ကို ပထမဦးဆုံး ထိတွေ့မိသည့် သူ့အဖို့
chatting ဟုခေါ်သော အင်တာနက် စကားဝိုင်း၏ လှည့်စားမှုကို နားမလည်ခဲ့ကြောင်း၊
မေ"၏ဖော်ရွေသော အပြောအဆိုများပေါ်တွင် သူသာယာမိကြောင်း ကျွန်မကို ပြောပြတတ်သည်။
အင်တာနက်တွက် ဆရာတစ်ဆူလို ဖြစ်နေသော မေ"မှာ သူ မသိနားမလည်သည်များကို
သင်ပြတတ်သည်။ မေ"၏ နွေးထွေးသော အပြောများကြောင့် chatroomထဲ
သူအမြဲဝင်ဖြစ်ခဲ့သည်။ chatroom ထဲဝင်တိုင်း မေ"မှလွဲ၍ မည်သူနှင့်မျှ
သူစကားမပြောပေ။

"ကျွန်တော် မေ့ကို ချစ်တယ်.... ကျွန်တော်ရဲ့ အင်တာနက်ချစ်သူ လုပ်နိုင်မလား"
"အင်တာနက် ချစ်သူအတွက် ဘာကောင်းကျိုးရှိလဲ"
"ကျွန်တော့်မှာ မေကိုပေးဖို့အတွက် အချစ်တွေ အပြည့်ရှိပါတယ်"
"အချစ်... အဟား... မေမှာ ပေါလွန်းလို့ကွယ်"
"ဒါဆို မေလိုချင်တာ ကျွန်တော်အကုန်ပေးမယ်"
"အသက် ယူမယ်ဆိုရင် ပေးနိုင်မလား"
"ကောင်းပြီလေ"

မေ"၏အချစ်ကို ရဖို့အတွက် အရာရာကို သူစွန့်လွတ်ရဲခဲ့သည်။ မေ"၏ စကားလုံး
ချိုချိုလေးများကြား သူမိန်းမော သာယာနေခဲ့မိသည်။ ကြာတော့ အင်တာနက်ထဲတွင်
ပြောရသည်ကို သူ အားမရတော့။ မေ"ကို အပြင်လောကတွင် သူတွေ့ချင်လာသည်။
လူကိုယ်တိုင်တွေ့ပြီး မေ"ကို ပွေ့ဖက်နမ်းရှုပ်ချင်မိသည်။ မေ" ကိုအပြင်တွင်
တွေ့ရန်၊ ဖုန်းဆက်ခွင့် ပေးရန် သူတောင်းဆိုမိသည်။ မေ"က တောင်းဆိုမှုတွေ
များလွန်းနေပြီဖြစ်ကြောင်း၊ တွေ့ခွင့်မပေးနိုင်ကြောင်း အပြင်းအထန်
ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် သူ့အပေါ် မေ"၏ဆက်ဆံမှုများက အေးစက်လာခဲ့သည်။
မေ"ပို့လာသော စာကြောင်းများကို ဖတ်ခြင်းဖြင့် သူ့အပေါ်တွင်
မေ"စိတ်ကုန်လာပြီဖြစ်ကြောင်း သိသာနေသည်။

ညတိုင်း သန်းခေါင်ယံအချိန်တွင် သူသည် အချိန်တိကျစွာ onlineပေါ်သို့ ရောက်လာပြီး
သူနှင့်မေ"၏ ပုံပြင်ကို ကျွန်မအား ပြောပြတတ်သည်။ တစ်ခါတရံ သူ၏လုပ်ရပ်များကို
ကျွန်မ မထောက်ခံမိသော်လည်း ညတိုင်း online တက်ပြီး သူပြောသော ပုံပြင်ကို
နားထောင်သည့်အလုပ်မှာ ကျွန်မအတွက် မလုပ်မဖြစ် အလုပ်တစ်ခု ဖြစ်လာခဲ့သည်။

"ဘာဖြစ်လို့ မီးမဖွင့်တာလဲ... အလင်းပြန်နေတာ မျက်စိပျက်မယ်နော်"
"ဘာပြောချင်တာလဲ.. ကျွန်မကို ထိုင်ကြည့်နေပြန်ပြီလို့ ခြောက်လှန့်ချင်တာလား"
"ကျွန်တော် တကယ်ထိုင်ကြည့်နေတယ်လေ... ဘာလဲ မယုံသေးဘူးလား"

ကျွန်မ ဘာပြန်ပြောရမှန်း မသိတော့။ တစ်ခါတလေ ကျွန်မကိုယ်တိုင်ပင် အနားတွင်
သူရှိနေသည်ဟု ယုံမှား သံသယ၀င်မိတတ်သည်။ ၀ိညာဉ်၏ သံလိုက်ဓာတ်နှင့် အင်တာနက်၏
သံလိုက်လှိုင်းများ တစ်ခါတရံ ဆွဲငင်တတ်သည်ဟု သူငယ်ချင်းများက ပြောဖူးသော်လည်း
ကျွန်မ အယုံအကြည် မရှိခဲ့။ ထူးဆန်းသည်မှာ သူ့ကို ကျွန်မနည်းနည်းမှ
ကြောက်မနေခြင်းပင်ဖြစ်သည်။

"ခင်ဗျားက ထူးခြားတယ်"
"ဘာဖြစ်လို့လဲ"
"ခင်ဗျား ကျွန်တော့်ကို မကြောက်လို့ ကျွန်တော်က သရဲဆိုတာ တကယ်မယုံလို့လား"
"ကျွန်မ တစ္ဆေသရဲတွေ အယုံအကြည် မရှိဘူး"
သူပြောသမျှကို နားထောင်ပြီး မနက်မိုးလင်းမှ ကျွန်မအိပ်ယာဝင်ဖြစ်သည်။
မနက်ပိုင်းတွင် နေမြင့်မှ ထတတ်သော အကျင့်ကြောင့် ကျွန်မ၏ အတန်းချိန်များကို
ညနေပိုင်းတွင်သာ ရွေးထားသည်။ ဒီနေ့အတန်းဆင်းချိန်တွင် ကျွန်မခေါင်းတွေ
လေးလံပြီး ကိုယ်လက်မအီမသာ ဖြစ်နေသည်။ အိမ်အရောက် ဆေးသောက်ပြီး midnight online
ပေါ်သို့ တက်လာချိန်မှ ထတော့မည်ဟု စိတ်ကူးနှင့် ကျွန်မအိပ်လိုက်သည်။

အိပ်ပျော်ပြီး သိပ်မကြာလိုက် စိတ်ထဲတွင် တကယ့်အဖြစ်လိုလို အိပ်မက်လိုလို
ယောက်ျားလေးတစ်ယောက် ကျွန်မအခန်းထဲသို့ ၀င်လာသည်ဟု ခံစားမိသည်။
ကျွန်မထထိုင်ဖို့ ကြိုးစားသော်လည်း ဘယ်လိုမှ ထမရခဲ့။ ထိုယောက်ျားလေးမှာ
အပြာနုရောင် ည၀တ်အင်္ကျီကို ၀တ်ဆင်ထားသည်။ ရုပ်ရည်မှာ သန့်ပြန့်နေသော်လည်း
မျက်နှာမှာ သွေးဆုတ်ပြီး ဖြူရော်နေသည်။ အကြည့်မှာ နူးညံ့သိမ်မွေ့သည်။

ကျွန်မ
ကုတင်နားသို့ ချည်းကပ်လာပြီး ကျွန်မ၏ဆံပင်များကို ပွတ်သပ်နေသည်။ ထို့နောက်
ကျွန်မမျက်နှာကို ညင်သာစွာ ပတ်သပ်ပေးပြီး "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"
ဟုပြောပြီး ပျောက်ကွယ်သွားသည်။ ကျွန်မမျက်စိကို အားယူဖွင့်လိုက်မိသည်။ နာရီကို
ကြည့်လိုက်တော့ ည ၁၂နာရီ ၁၀မိနစ်။ ကျွန်မ ကုတင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာကို
အလျှင်အမြန်ဖွင့်လိုက်သည်။ လိုင်းချိတ်နေချိန်တွင် ထိုအဖြစ်အပျက်မှာ တကယ်လား၊
အိပ်မက်လား ဆိုသည်ကို ကျွန်မ တွေးနေမိသည်။ အိပ်မက်ဖြစ်သည်ထားဦး.. ဘာကြောင့်
ထိုလူ့ ရုပ်ရှည်ကို ကျွန်မကောင်းကောင်း မှတ်မိနေပါလိမ့်။ ကျွန်မ
ဝေခွဲမရဖြစ်နေချိန်တွင် ဖန်သားပြင်ပေါ်တွင် စာတစ်ကြောင်းပေါ်လာသည်။

"ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"
ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အိပ်မက်ထဲက စကားနှင့်
တစ်ထပ်တည်းပါလား...
စာကြောင်းရေးပို့လိုက်သူမှာ ကျွန်မနှင့် ညတိုင်း chatting လုပ်နေသော သူ့ကိုယ်သူ
တစ္ဆေသရဲပါဟု ပြောသော midnight.... ကျွန်မ အသက်ရှူဖို့ ခေတ္တမေ့နေခဲ့ပြီး
ကွန်ပျူတာ ဖန်သားပေါ်က စာကိုသာ မျက်တောင်မခတ် ကြည့်နေမိသည်။ သူဟာ ကျွန်မလို
လူစင်စစ်တစ်ယောက်ဖြစ်ကြောင်း ကျွန်မကိုယ်ကျွန်မ အသိပေးနေမိသည်။

"တစ်ယောက်ထဲနေရင် အစာတွေကို ပုံမှန်စားရမယ်လေ"
ကျွန်မ ပြန်မပြောသည်ကို သူသတိထားမိပုံ မရ။ သူပြောချင်တာကို ပြောနေသည်။
"ရှင်အခု ဘယ်မှာလဲ... ကျွန်မ အခန်းထဲမှာပဲလား.. ဟုတ်တယ် မဟုတ်လား" ကျွန်မ
ထိန့်လန့်စွာ မေးလိုက်သည်။
"ခင်ဗျား ဘယ်လို အဖြေမျိုးကို လိုချင်လဲ"
"တိကျတဲ့ အဖြေမှန်ကို ကျွန်မလိုချင်တယ်"
"ခင်ဗျား ခရမ်းနုရောင် ည၀တ်အင်္ကျီကို ၀တ်ထားတယ်။ အင်္ကျီအောက်မှာ
အိတ်ကပ်လေးနှစ်ခုပါတယ်။ အိတ်ကပ်ပေါ်မှာ လိပ်ပြာပုံဖဲပြားလေးပါတယ်။
စားပွဲခုံပေါ်မှာ ခင်ဗျားသောက်နေကျ ကော်ဖီခွက်လေး တင်ထားတယ်။ ဒီညတော့ ခွက်ထဲမှာ
ကော်ဖီ ရှိမနေဘူး။ ခင်ဗျား အိပ်ပျော်သွားလို့ ကော်ဖီမဖျော်ရသေးဘူး။
ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.... ခင်ဗျား ဖျားနေပြီ"

ဖန်သားပေါ်က ဆက်တိုက်ပေါ်လာသော စာများကို ဖတ်ရင်း ကျွန်မနှလုံးသွေးများပင်
ရပ်တန့်သွားပြီလားဟု ထင်မိသည်။ ကျွန်မဘာမှ ပြန်မပြောနိုင်တော့... ကွန်ပျူတာ
ပါဝါခလုတ်ကို အမြန်ဆုံးပိတ်ပြီး ကုတင်ပေါ်သို့ ခုန်တက်ကာ စောင်ကို
ခေါင်းမြီးခြုံထားလိုက်သည်။ ကျွန်မဘေးတွင် သူရှိနေသည်။ ကျွန်မ အခန်းထဲတွင်
တကယ်ရှိနေခဲ့လို့လည်း ကျွန်မ၏ ၀တ်စားဆင်ယင်မှုတွေ၊ ကျွန်မ၏အကျင့်တွေကို
သူသိနေခဲ့ခြင်းဖြစ်သည်။ ညတိုင်း online ပေါ်သို့ ပုံမှန်တက်ပြီး
သူ့ကိုစောင့်နေတတ်သော ကျွန်မ၏ တုံးအအ အပြုအမှုများကို သူအရင်ကတည်းက
စောင့်ကြည့်နေပုံရသည်။


သူစောင့်ကြည့်နေသည် ဆိုသည့်အတွေးနှင့် ကြောက်စိတ်ကြောင့်
ကျွန်မတစ်ကိုယ်လုံး စောင်ထဲတွင် တုန်နေမိသည်။ မည်မျှကြာကြာ တုန်လှုပ်နေမိသည်
မသိ။ ညနေက သောက်ထားသော ဆေးအရှိန်ကြောင့် ကျွန်မ တဖြေးဖြေး အိပ်ပျော်သွားသည်။
မှုန်ဝါးဝါး ကျွန်မ၏ မသိစိတ်ထဲတွင် သူသည် ကုတင်ဘေးတွင် ထိုင်ရင်း ကျွန်မအား
ကရုဏာသက်စွာ ကြည့်နေသည်။ နောက်တွင် ကျွန်မ နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်သွားတော့သည်။

မနက်နိုးလာသည့် အချိန်တွင် ကျွန်မ အပူချိန်တက်နေသည်။ တစ်ကိုယ်လုံး
ပျော့ခွေနေပြီး လမ်းလျှောက်ဖို့ရန် အင်အားပင် မရှိတော့။ ညတုန်းက အဖြစ်အပျက်ကို
ပြန်စဉ်းစားမိသည်။ သူသည် နေ့ခင်းတွင် ကျွန်မဘေးတွင် ရှိနေမည် မဟုတ်ဟု ထင်မိသည်။
တစ္ဆေသရဲများသည် အလင်းရောင်ကို ကြောက်ကြသည် မဟုတ်ပါလား..။ ကျွန်မ ကုတင်ပေါ်မှ
အားယူထလိုက်သည်။ ကော်ဖီဖျော်ရန် ရေနွေးတည်နေရင်း ညက သူပြောခဲ့သော စကားကို
ပြန်သတိရမိသည်။

"ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.. ခင်ဗျား ဖျားနေပြီ"
ကော်ဖီကို ကျွန်မ ဆက်မဖျော်မိတော့။ ညတုန်းက မြင်ခဲ့ဖူးသော သူ့ပုံရိပ်ကို
ကျွန်မမြင်ယောင်မိသည်။ သူသာ တစ္ဆေမဟုတ်ခဲ့လျှင် မိန်းကလေးများ
ဝိုင်းဝိုင်းလည်နေသော ရုပ်ရှည်ရှိသူဖြစ်သည်။ သူ၏ခံစားချက်များကို နားထောင်ပြီး
သူ့အပေါ် ကျွန်မ သနားမှုတွေ ပိုသွားပြီလား...သူ့ကို ကျွန်မ ချစ်မိသွားပြီမလား..
တစ္ဆေတစ်ကောင်ကို ကျွန်မချစ်မိသွားပြီလား... ဘယ်လောက် စိတ္တဇဆန်တဲ့
အပြုအမှုလဲနော်...

သူပြောပြဖူးသော သူ့အကြောင်းများကို ကျွန်မပြန်စဉ်းစားမိသည်။ သူ့အပေါ် မေ"
ဆက်ဆံရေးကျဲလာခဲ့သည် ဆိုသည့်အထိပဲ ကျွန်မသိခဲ့သည်။ သူ့လို ရုပ်ရည်ချောမောသည့်
လူကို မေ" ဘာကြောင့်များ ငြင်းဆန်ခဲ့သလဲ.. ကျွန်မသိချင်လာမိသည်။ သူဘာကြောင့်
ကိုယ့်ကိုယ် အဆုံးစီရင်ခဲ့လဲ... "အင်တာနက်ကို မုန်းတယ်.. မိန်းမတွေကိုမုန်းတယ်"
ဟုပြောပြီး ဘာကြောင့် ထိုအကြောင်းများကို အင်တာနက်ပေါ်က ကျွန်မအား ပြောပြနေသလဲ..
ကျွန်မသိချင်စိတ် ပိုပြင်းပြလာခဲ့သည်။

ညအမှောင်ထု၏ တဖြေးဖြေး ၀င်ရောက်လာမှုက ကျွန်မစိတ်ကို ပိုလှုပ်ရှားစေခဲ့သည်။
သိချင်စိတ်များကြောင့် ည ၁၁နာရီ မိနစ် ၅၀တွင် ကျွန်မ အခန်းမီးများကို ဖွင့်ပြီး
ကွန်ပျူတာရှေ့တွင် ထိုင်နေမိသည်။ မည်မျှပင် သတ္တိရှိသည်ထားဦး တစ္ဆေတစ်ကောင်နှင့်
အမှောင်ထဲတွင် ကျွန်မ ထိုင်ရဲမည်မဟုတ်။ ကိုယ်ရောင်ဖျောက်ထားသော တစ္ဆေတစ်ကောင်ကို
ကျွန်မ မမြင်မတွေ့နိုင်မှန်း သိနေသော်လည်း တံခါးပေါက်ဘက်သို့ ကျွန်မ မကြာခဏ
လှည့်ကြည့်နေမိသည်။ သူ့ကို ကျွန်မစောင့်နေကြောင်း သူ့အား သိစေချင်သေးသည်။

ည ၁၂ နာရီ ၀၁ မိနစ်... နံရံပေါ်တွင် ချိတ်ဆွဲထားသော နာရီလက်တံ၏ တစ်ချောက်ချောက်
အသံမှလွဲ၍ တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ ဒီည သူလာပါဦးမလား...။မနေ့ညက ကျွန်မ
အပြုအမှုကြောင့် ဒီည သူထပ်လာပါ ဦးမလား...

"တစ်ခန်းလုံး မီးတွေ ထိန်နေအောင် ဖွင့်ထားတာ ကျွန်တော့်ကို ကြောက်သွားပြီလား"
သူလာပါပြီ.... ကျွန်မ ၀မ်းသာသွားမိသည်။ သူ့ကိုမေးဖို့ မေးခွန်းတွေ ကျွန်မမှာ
အများကြီးရှိသေးသည် မဟုတ်ပါလား..။

"နည်းနည်းတော့ ကြောက်မိပါတယ်"
ကျွန်မ စာပြန်မရိုက်ဘဲ ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသာ
ကျွန်မအခန်းထဲတွင် ရှိနေခဲ့လျှင် ကျွန်မပြောသမျှ သူကြားနိုင်လိမ့်မည်ဟု
ကျွန်မထင်သည်။ ယခု အဖြစ်အပျက်မှာ တစ်ယောက်ယောက်က နောက်ပြောင်နေသည်ဟု ကျွန်မ
မျှော်လင့်ချင်သေးသည်။

"ခင်ဗျား အရင်က ကျွန်တော့်ကို မကြောက်ပါဘူး။ ကျွန်တော် စိတ်မကောင်းဘူးဗျာ"
"အရင်တုန်းက တစ်ယောက်ယောက်က နောက်ပြောင်နေတယ်လို့ ကျွန်မထင်ခဲ့တယ်လေ။
တကယ့်သရဲဖြစ်မယ်မှန်း တွေးမထားမိဘူး"
"အခု ခင်ဗျား သိပြီလေ။ ကျွန်တော်နဲ့ ဆက်စကားပြောနေဦးမလား"
"အင်း... ပြောမယ်။ ကျွန်မသိချင်တာတွေ မေးရဦးမယ်" ကျွန်မ အသက်ကို ပြင်းပြင်းလေး
ရှူသွင်းလိုက်မိသည်။
"မေနဲ့ ရှင့်အကြောင်းကို အစအဆုံး ပြောပြနိုင်မလား"

"မေဟာ ကဝေမတစ်ယောက်ပါ။ လှည့်စားတတ်တဲ့ ကဝေမ... ကျွန်တော်နဲ့ချစ်သူတွေ
မဖြစ်ခင်ကတည်းက သူ့မှာ လက်ထပ်ရမဲ့သူရှိပြီးသား.. အင်တာနက်မှာ ကျွန်တော်နဲ့
ချစ်တယ်ဆိုတာကလည်း သူ့အတွက် အပျင်းပြေဖို့ သက်သက်ပဲ။ ကျွန်တော့်ကို
အရုပ်တစ်ရုပ်လို သူသဘောထားခဲ့တယ်။ ကျွန်တော့်ရဲ့ ခံစားချက်ကို သူအမျိုးမျိုး
လှည့်စားခဲ့တယ်"

"ရှင် ဘယ်လိုလုပ်သိလိုက်တာလဲ"

"သူနဲ့တွေ့နိုင်ဖို့ ကျွန်တော် အမျိုးမျိုး ကြိုးစားခဲ့တယ်။ အကြိမ်ကြိမ်လည်း
တောင်းဆိုခဲ့တယ်။ သူ့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျွန်တော်တွေ့နိုင်အောင်
ကြိုးစားမယ်လို့လည်း ပြောခဲ့တယ်။ ထူးထူးဆန်းဆန်းပဲ ကျွန်တော့်ကို သူတွေ့မယ်လို့
ခွင့်ပြုခဲ့တယ်။ သူနဲ့တွေ့ရမဲ့ရက်မှာ ကျွန်တော်စိတ်အရမ်းလှုပ်ရှားခဲ့တယ်။ သူ့ကို
တွေ့တာနဲ့ သူမှန်း ကျွန်တော်မှတ်မိနေခဲ့တယ်။ သူအရမ်းလှတယ်။ ဓာတ်ပုံထဲကထက်တောင်
လှတယ်"

ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ တက်လာသော စာများကို ဖတ်ရင်း ကျွန်မမျက်တောင်ခတ်ဖို့
မေ့နေခဲ့သည်။

"ခင်ဗျားကြည့်ရတာ သက်သာသေးပုံ မပေါ်ဘူး သွားအိပ်လိုက်ပါလား"

"ဟင့်အင်း... ကျွန်မ မေးဖို့ မေးခွန်းတွေ ကျန်နေသေးတယ်" ကျွန်မ ခေါင်းရမ်းရင်း
ပြောလိုက်မိသည်။

"ခင်ဗျားရဲ့ လက်ကို ကျွန်တော် ကိုင်နေတယ်... ခံစားလို့ရလား"
မမျှော်လင့်သော စာကြောင်းကြောင့် ကျွန်မယောင်ရမ်းပြီး လက်ကို ကြည့်လိုက်မိသည်။
ကျွန်မ ခံစားလို့ မရခဲ့...သို့သော် နွေးထွေးသော လက်တစ်စုံက ကျွန်မလက်ကို
ဆုတ်ကိုင်းထားသည်ဟု ကျွန်မမြင်ယောင်ကြည့်မိသည်။

"ခင်ဗျား ကြည့်ရတာ အားမရှိဘူးဗျာ။ ကျွန်တော် စိုးရိမ်တယ်။ မေးချင်တဲ့
မေးခွန်းတွေ နောက်ညမှ မေးပါလား... အနားယူလိုက်နော်"

စာကြောင်းလေး တစ်ကြောင်းသာဖြစ်ခဲ့သော်လည်း ကြင်နာသော သူ့စကားများကို
ကျွန်မခံစားမိသည်။

"ကျွန်မ တစ်ခုမေးပြီးရင် သွားအိပ်မှာပါ"
ကျွန်မ အရဲစွန့်ပြီး ကျွန်မ အသိချင်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်မိသည်။
"ဘာဖြစ်လို့ ကျွန်မကိုမှ ရွေးချယ်ခဲ့ရတာလဲ"

"... ကျွန်တော် စောင့်ကြည့်နေတာ ကြာပြီ။ ခင်ဗျားနဲ့ chatting မလုပ်ခင်ကတည်းက
ခင်ဗျားအခန်းထဲမှာ ကျွန်တော်ရှိနေခဲ့တယ်"

တစ္ဆေတစ်ကောင် ကျွန်မ အခန်းထဲတွင် အစောကြီးကတည်းက ရှိနေသည်ကို ကျွန်မ
မသိခဲ့ပါလား.. ကျွန်မ၏ နေ့စဉ် အပြုအမှုများကို သူစောင့်ကြည့်နေခဲ့ပါလား...။
ထိုသို့ တွေးမိလိုက်စဉ် ကျွန်မပါးနှစ်ဘက် အပူကြောင့် ရှိန်းခနဲ ဖြစ်သွားသည်။

"ဟား...ဟား.. ခင်ဗျား ဘာတွေးနေလဲ ကျွန်တော်သိတယ်။ ကျွန်တော် အဲဒီလောက်
အောက်တန်း မကျပါဘူးဗျာ"

ကျွန်မပါးနှစ်ဘက် နီမြန်းသွားသည်ကို ကြည့်ပြီး ကျွန်မ၏အတွေးကို သူသိနေခဲ့သည်။
"တစ်ခြားလူမသိအောင် စောင့်ကြည့်တဲ့ အပြုအမှုတွေဟာ မတရားဘူးဆိုတာ ရှင်မသိဘူးလား"

"တရားတယ်၊ မတရားဘူးဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ ၀ိညာဉ်တွေက ဒီလိုပဲ
လျှောက်သွားနေတတ်တယ်လေ။ ခင်ဗျားနဲ့ ခင်ပြီးတဲ့နောက်ပိုင်း ကျွန်တော်
အချိန်သတ်မှတ်ပြီး လာခဲ့တယ်။ တစ်ချိန်လုံး ကျွန်တော်စောင့်ကြည့် မနေတော့ပါဘူး"

"နေပါဦး..... နေ့လည်အချိန်တွေမှာ ရှင်ဘာလုပ်နေလဲ"

"နေ့လည်.. နေ့လည်ဆိုရင် လေးထောင့်အခန်းထဲမှာ ထားထားတဲ့ ခန္ဓာကိုယ်ထဲ
ကျွန်တော်ဝင်နေရတယ်လေ။ ညအချိန်လို လွတ်လွတ်လပ်လပ် ထွက်လာခွင့်မရဘူး"

ကျွန်မ မျက်လုံးများ ပြူးသွားမိသည်။
လေးထောင့်အခန်း......... ခန္ဓာကိုယ်....

"နေ.. နေပါဦး... လူတွေက ရှင့်ကို မသင်္ဂြိုလ်ကြသေးဘူးလား"
"ကျွန်တော်ရဲ့ ခန္ဓာကိုယ်က ဆေးရုံမှာပဲ ရှိနေသေးတယ်။ မေ့မြောနေဆဲမို့ သူတို့က
လက်မလွတ်ချင်ကြသေးဘူးနဲ့ တူတယ်"

သူ...သူ... အသက်ရှင်နေဆဲပါလား..။ ၀ိညာဉ်ကသာ လျှောက်သွားနေခြင်းဖြစ်သည်။
ဆေးရုံတွင် လဲလျောင်းနေသော ခန္ဓာကိုယ်မှာ ၀ိညာဉ်မဲ့သော ခန္ဓာကိုယ်ဖြစ်မည်။

"ရှင်ဘာဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်ထဲ မပြန်တာလဲ... လူလုပ်ရမှာ
တော်တော်စိတ်ကုန်သွားပြီလား"

"ကျွန်တော် ပြန်သွားရင် ခင်ဗျားကို ကျွန်တော် မမြင်ရတော့ဘူး။ ကျွန်တော့်ကို
မေ့သွားမှာ စိုးတယ်"

သူ့စကားကို ကြားပြီး ကျွန်မ စိတ်မကောင်းဖြစ်သွားမိသည်။ သူ၏စိတ်ထဲတွင် ကျွန်မ
ရှိနေခဲ့ပြီလား... လူသားတစ်ယောက်အနေနှင့် သူ၏ပိုက်ထွေးမှုကို
ကျွန်မခံယူချင်သေးသည်။ လူတစ်ဖန်ပြန်လုပ်ဖို့ သူ့မှာ အခွင့်အရေးတွေ ရှိနေသေးသည်။
ကျွန်မကို မြင်နိုင်ဖို့အတွက် ထိုအခွင့်အရေးကို သူ လက်လွတ်တော့မလား။ ကျွန်မ
မျက်စိထောင့်စွန်းက မျက်ရည်များ အတားအဆီးမဲ့ စီးကျလာသည်။

"မငို.. မငိုပါနဲ့။ ကျွန်တော် ဘာအမှားများ ပြောမိပါလိမ့်
(ကျွန်တော်မျက်ရည်တွေကို သုတ်ဖို့ ကြိုးစားနေတယ်)"

ထိုစာကြောင်းကို ကြည့်ပြီး ကျွန်မ အသံထွက် ရယ်လိုက်မိသည်။ တစ္ဆေတစ်ကောင်က
ကျွန်မကို နှစ်သိမ့်နေပါလား..။ စီးကျလာသော မျက်ရည်များကို ကပျာကယာ
သုတ်ပေးနေသည့် သူ့ကို ကျွန်မမြင်ယောင်ကြည့်မိသည်။

"ရှင်ရဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်သေးတယ်။ ဒါပေမဲ့ အခုမဟုတ်သေးဘူး။ တကယ့်
လူတစ်ယောက်အဖြင့်နဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်တယ်"

"ကျွန်တော်ရဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ ပြောနေတာလား"
"ဟုတ်တယ်"

"၀င်သွားပြီးနောက်ပိုင်း ခင်ဗျားနဲ့ ပတ်သက်သမျှ ကျွန်တော် သတိမရတော့မှာကို
မကြောက်ဘူးလား"
"ဒီလိုပဲ ဖြစ်တတ်သလား..ကျွန်မကို မေ့သွားမှာလား" ကျွန်မစိတ်ပူစွာ
ပြောလိုက်မိသည်။

"အသေအချာတော့ မသိဘူး။ တစ်ချို့မေ့တတ်တယ်။ တစ်ချို့ မမေ့တတ်ဘူး။
ခံနိုင်ရည်အားကို ကြည့်ရဦးမယ်လေ"

ပြန်သွားပြီး သူ သတိမရခဲ့လို့ ကျွန်မကို လာမရှာနိုင်ချင်နေပါစေ။ ကျွန်မကြောင့်
သူသည် ခိုကိုးရာမဲ့ ၀ိညာဉ်တစ်ကောင်တော့ မဖြစ်စေချင်ပါ။

"ပြန်သွားပါ။ ရှင် ကျွန်မကို မမေ့ဘူးလို့ ကျွန်မ ယုံကြည်တယ်။
လူစင်စစ်တစ်ယောက်အဖြင့်နဲ့ ကျွန်မရှေ့မှာ ထိုင်ပြီး ရှင်နဲ့
မေအကြောင်းပြောပြတာကို ကျွန်မ ကြားချင်သေးတယ်"

မျက်စိကိုမှိတ် သူ့ပုံရိပ်ကို မြင်ယောင် ခံစားရင်း ကျွန်မ ပြောလိုက်သည်။

"ခင်ဗျား စကားကို ကျွန်တော် နားထောင်မယ်။ ကျွန်တော့် ခန္ဓာကိုယ်ထဲ ပြန်ဝင်မယ်။
ကျွန်တော့် ပြန်အလာကို စောင့်နေမလား"

"ကျွန်မ စောင့်နေမယ်။ တစ်သက်လုံး စောင့်နေမယ်။ ကျွန်မကို မေ့ခဲ့မယ်ဆိုရင်တောင်
ရှင်သတိရပြီး ကျွန်မကို ပြန်မှတ်မိလာတဲ့အထိ စောင့်နေမယ်"

ကျွန်မပြောရင်း ရင်နင့်မိသည်။ မျက်ရည်များက အတားအဆီးမဲ့စွာ စီးဆင်းလာပြန်သည်။
သူ ကျွန်မအနားက ပျောက်ကွယ်သွားတော့မယ်ဆိုတာ ရာခိုင်နှုန်း တစ်ဝက်က သေချာနေပြီ။
ရင်ထဲ စူးနေအောင် နာကျင်လာမိသည်။

"ခင်ဗျားပါးကို ကျွန်တော် နမ်းလိုက်တယ်။ ကိုယ့်ကိုယ် ကောင်းကောင်း
ဂရုစိုက်နော်။ ကျွန်တော်သွားပြီ။ ကျွန်တော့်ပြန်အလာကို စောင့်နေပါနော်"

နာရီလက်တံများ တစ်စက္ကန့်ပြီး တစ်စက္ကန့် ရွေ့နေသည်။ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင်
သူ၏ စာများ ထပ်ပေါ်မလာတော့။ ကျွန်မ ထိုင်ခုံပေါ်တွင် ထိုင်ရင်း အားရပါးရ
ငိုလိုက်မိသည်။ အိပ်မက်ထဲက သူ့ပုံရိပ်ကို စွဲစွဲမြဲမြဲ မှတ်ထားရန် ကိုယ့်ကိုယ်
သတိပေးလိုက်မိသည်။ သူသည် အချိန်မရွေး ကျွန်မရှေ့တွင် ပေါ်လာနိုင်သည်။
ထိုအချိန်ရောက်လျှင် အလှပဆုံးပြုံးလျှက် သူ့ကို နွေးထွေးစွာ ကျွန်မကြိုမည်။
သူမလာမှန်း သိနေလျှက်နှင့် ညသန်းခေါင် ၁၂နာရီရောက်တိုင်း ကျွန်မ online ပေါ်သို့
တက်ပြီး သူ့ကိုရှာမြဲ... သူ၏ message များကို မျှော်နေမြဲပင်။ ကျွန်မ၏
အပြုအမှုများသည် စိတ္တဇဆန်ကောင်း ဆန်နေလိမ့်မည်။

၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀


ပြက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ကြွေကျကုန်သည်။ လူသွားလူလာများကြားတွင်
သူ့ကို ကျွန်မ လိုက်ရှာနေမိသည်။ ကျွန်မကိုတွေ့လျှင် ကျွန်မနှင့်
ပတ်သက်ခဲ့ဖူးသမျှ သူ မှတ်မိနေမည်ဆိုသည်ကို ကျွန်မ ယုံကြည်နေမိသည်။
ကျောင်းဝင်းထဲရှိ သစ်ရွက်များပင် နွေဦးလေနှင့်အတူ မြူးတူးပျော်ပါးနေကြကုန်ပြီ။
မကြာမီ နွေရာသီ ကျောင်းပိတ်ရက် ရောက်တော့မည်။ လေရှုးတစ်ချက်အဝှေ့ ကျွန်မလက်ထဲက
စာရွက်များ ပြန့်ကျဲကုန်သည်။ ထိုစာရွက်စာတမ်းများ မရှိလျှင် စာမေးပွဲတွင်
ကျွန်မ ဒုက္ခလှလှလေး တွေ့ဦးမည်။ စာရွက်များကို ကျွန်မ ကပျာကယာ
လိုက်ကောက်လိုက်သည်။ ကျွန်မနှင့်အတူ စာရွက်များကို လိုက်ကောက်နေသော
အရိပ်တစ်ခုကို တွေ့လိုက်မိသည်။ စာရွက်များကို ကောက်ရင်း ကျွန်မ ဘေးနားတွင်
ခြေအစံကို ရပ်လိုက်သည်။

"ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်လေ"

ကျွန်မရင် ဒိန်းခနဲ ခုန်သွားမိသည်။ ခပ်သြသြနှင့် နူးညံ့သော ထိုအသံမှာ
ကျွန်မနှင့် မရင်းနှီးပေမယ့် ထိုလူပြောလိုက်သော စကားမှာ midnight ပြောတတ်သော
စကားနှင့် တစ်ထပ်တည်း။ ကျွန်မ အထိန့်အလန့် မော့ကြည့်လိုက်မိသည်။

သူ... သူပါလား... အိပ်မက်ထဲက ရုပ်ပုံလွှာလေး... အသားအနည်းငယ် ညိုသည်မှလွဲ၍
ကျွန်မ အသိစိတ်ထဲက ရုပ်ပုံလေး၊ ကျွန်မနှင့် ရင်းနှီးသော ရုပ်ပုံလေး။ ခန္ဓာကိုယ်
အနည်းငယ် ဖွံ့ဖြိုးသည်ကလွဲ၍ အိပ်မက်ထဲက ရုပ်ပုံနှင့် တစ်ထပ်တည်း။
ကျွန်မရှေ့တွင် သူထိုင်ချလိုက်သည်။

"ဆောရီးပဲနော်.. တော်တော်လေး ကျန်းမာဖို့အတွက် အချိန်ယူနေရလို့ပါ။ လုံးဝ
နေကောင်းသွားပြီဆိုမှ ကျွန်တော် လာတွေ့ရဲတယ်လေ"

ကျွန်မ အံ့သြ၀မ်းသာပြီး ဘာပြန်ပြောရမှန်း မသိတော့။ မျက်လုံးအိမ်ထဲတွင်
မျက်ရည်များဖြင့် ပြည့်လျှံနေခဲ့သည်။ ကျွန်မကိုယ်ကို ထောင်မတ်ပေးရင်း
ကျွန်မမပါးကို ညင်သာစွာ သူပွတ်သပ်လိုက်သည်။

"ကျွန်တော် ထင်တဲ့အတိုင်းပဲ ပါးပြင်တွေက နူးညံ့နေတယ်"
"ကျွန်တော့်ကိုယ့်ကျွန်တော် ပြန်မိတ်ဆက်ပေးပါရစေ"

သူရယ်ရင်း လက်ကို ကမ်းပေးသည်။ ရယ်နေပုံက အပြစ်ကင်းသော ကလေးလေးတစ်ယောက်နှင့်
တူနေသည်။

"ကျွန်တော့်နာမည် နေဒွေးဇော်ပါ။ တွေ့ရတာ ၀မ်းသာပါတယ်"
"တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်မ မိဆိုးပါ"

ကျွန်မပြန်ကမ်းလိုက်သော လက်ကို ကြင်နာစွာ သူဆုတ်ကိုင်ထားလိုက်သည်။
"မိဆိုး ကျွန်တော်နဲ့ တစ်သက်လုံး လက်တွဲသွားနိုင်မလား"
ကျွန်မ ခေါင်းကို သွင်သွင်ငုံ့လိုက်မိသည်။

နွေဦး၏ လေရူးနှင့်အတူ ကျွန်မရှေ့သို့ သူရောက်လာခဲ့သည်။ ရွက်ကြွေများ
ဖြန့်ခင်းထားသော အ၀ါရောင်လမ်းလေးပေါ်တွင် သူနှင့်ကျွန်မ ပထမဆုံးအကြိမ်
တွေ့ဆုံကြသည်။

ပြီးပါပြီ။


.........................................
နိုင်းနိုင်းစနေ
Read More

" စဉ်းစားစရာ ပုံဥပမာ "

10:04 PM |



















တစ်ခါတုန်းက တံငါသည် တစ်ဦးဟာ မြွေတစ်ကောင်က သူ့ ရဲ့ လှေဆီကို ဦးတည်ပြီး ရေကူးလာတာကို တွေ့ လိုက်တယ်။

မြွေက လှေနားကို ရောက်လာတဲ့အခါမှာ အဲဒီမြွေဟာ ပါးစပ်မှာ ဖားတစ်ကောင်ကို ကိုက်ချီလာတာကို တံငါသည်က တွေ့ လိုက်ရတယ်။ သူက ဖားလေးအတွက် စိတ်မကောင်းဖြစ်တာကြောင့် မြွေရဲ့ ပါးစပ်မှာချီလာတဲ့ ဖားလေးကို ဖယ်လိုက်ပြီး လွှတ်ပေးလိုက်တယ်။

ဒါပေမယ့် မြွေအတွက်ကိုလည်း စိတ်မကောင်းဖြစ်ပြန်တယ်။ ဒါနဲ့ သူက မြွေကို ဘာများပေးလိုက်ရမလဲလို့  ရှာကြည့်လိုက်တော့ ၀ီစကီတစ်ပုလင်းကို တွေ့  လိုက်တယ်။ ဒါနဲ့ သူက အဲဒီဝီစကီကို ပုလင်းအဖုံးပြည့်သွားအောင် လောင်းထည့်လိုက်ပြီး မြွေကိုပေးလိုက်တယ်။ ဒါနဲ့ ပဲ မြွေကလည်း ရေကူးထွက်သွားတယ်။

တံငါသည်ကြီးကလည်း ကောင်းမှုတစ်ခုကို လုပ်လိုက်၇လို့ ကျေနပ်နေတာပေါ့။ ၁၀မိနစ်လောက်လည်းကြာရော လှေရဲ့ ဘေးနားကနေ လာခေါက်တဲ့အသံကို သူကကြားလိုက်ရတယ်။

ကြည့်လိုက်တဲ့အခါမှာတော့ စောနက မြွေက ပါးစပ်ထဲမှာ ဖားနှစ်ကောင်ကို ကိုက်ချီပြီး သူ့ ဆီပြန်လာတာကို တွေ့ လိုက်ရတယ်။

သင်ခန်းစာ။ ။လူတွေ ဒါမှမဟုတ် တိရိစ္ဆာန်တွေကို သူတို့ လိုချင်တာကို တစ်ခါပေးလိုက်ရင် သူတို့ တွေဟာ ထပ်ထပ်ပြီး ပြန်လာ တောင်းယူမယ် ဆိုတာ သဘာဝ အမှန်တရားတစ်ခုပါပဲ။ ဒါ့အပြင် သူတို့ တွေဟာ သူတို့ ရဲ့ အပေါင်းအပါတွေကိုပါ သူတို့ နဲ့ အတူ ခေါ်ဆောင်လာမှာ ဖြစ်ပါတယ်။

လွယ်လွယ်နဲ့ တောင်းယူလို့ ရရင် လူတွေဟာ တန်ဖိုးမထားတတ်သလို နောက်တစ်ခါလည်း လွယ်လွယ်နဲ့ ရမှာပဲလေလို့ သာ မှတ်ယူပြီး ဘာအား ထုတ်မှုမှ မရှိပဲ တောင်းခံဖို့ ကိုသာ စဉ်းစားနေမှာ ဖြစ်ပါတယ်။

အင်တာနက်ကဖတ်ရတဲ့ အာဖရိက စကားဆိုလေးကို ပြန်ဆိုထားခြင်းဖြစ်ပါတယ်။ မူရင်း အင်္ဂလိပ်လိုလည်း ထည့်သွင်းပေးထားပါတယ်။



The Fisherman
Created by Aye Thidar
Read More

" လောင်နေတဲ့မီး ကူငြိမ်းနိုင်ကြပါစေ "

9:57 PM |




တစ်ခါက ရွာတစ်ရွာမှာ ပစ္စည်းဥစ္စာ ချမ်းသာတဲ့ မုဆိုးမ တစ်ယောက်ရှိ၏။ မုဆိုးမဟာ ဥစ္စာလည်းရှိ မာနလည်း ကြီးတာကြောင့် တစ်ရွာလုံးက သူမကို မျက်မုန်းကျိုးနေတာပေါ့။

တစ်နေ့ကျတော့ မုဆိုးမအိမ်မှာ မီးလောင်တော့ ရွာသားတွေကို အားကိုးတကြီးနဲ့ မီးကူငြိမ်းပေးဖို့ အော်နေတယ်။ မီးလောင်နေတဲ့ မုဆိုးမအိမ်ကို ရွာသားတွေက တစ်ယောက်မှ လာမကူငြိမ်းတဲ့အပြင် တချို့က "အကုန်လောင်ပါစေ။ ဒီလောက် မာနကြီးတဲ့ မုဆိုးမ တစ်ခါထဲ မွဲသွားပါစေ" ဆိုပြီး မေတ္တာပို့နေကြတယ်။
မကြာမီ ရွာသူကြီးရောက်လာပြီး ဒီလိုအော်ပြောလိုက်ပါတယ်။
"ဟေ့ ရွာသားတွေအားလုံး ကြီးငယ်ပါမကျန် ရေခပ်ပြီး မီးငြိမ်းကြ မီးသတ်ကြဟေ့"
"ရွာသူကြီး ဒီမုဆိုးမက မာနကြီးတယ် တစ်ရွာလုံးနဲ့လည်း မတည့်ဘူး ဒါကြောင့် မီးကို ကူမငြိမ်းနိုင်ဘူး"
"ဟ မင်းတို့ ဒီလို မပြောကြနဲ့ အခုလောင်နေတဲ့မီးက မုဆိုးမအိမ်ရဲ့ မိုးဖိုဆောင်ကို စလောင်တာတော့ ဟုတ်တယ်ကွ။ သူမရဲ့ အိမ်က

လေညာမှာရှိနေတော့ သူ့အိမ်ကြီးကို မီးစွဲလောင်သွားရင် မင်းတို့ငါတို့အိမ်တွေ တစ်ရွာလုံး ပြောင်သွားလိမ့်မယ် သိလား။ ဒါကြောင့် ရွာသားတွေ

တစ်ယောက်မှ မကျန် ဒီမီးကို ဝိုင်းဝန်းပြီး ငြိမ်းသတ်ကြ"
ဒီလိုနဲ့ ရွာသားတွေ ကလေးရော လူကြီးပါမကျန် တရွာလုံး မီးကို ဝိုင်းငြိမ်းလိုက်တော့ မီးငြိမ်းသွားတယ်။ မုဆိုးမရဲ့ မီးဖိုဆောင်တစ်ဝက်လောက်သာ

မီးလောင်သွားတယ်။
မီးလောင်ပြီးတဲ့နောက် မုဆိုးမလည်း သူမရဲ့ အိမ်ကြီး မီးဘေးက လွတ်ခဲ့တာကို လွန်စွာဝမ်းသာသွားတယ်။ ရွာသားတွေကိုလည်း အထူးကျေးဇူးတင်မိတော့တယ်။ သူမမျက်ရည်ကျပြီးတော့ အခု မီးမလောင်ဘဲ ကျန်တဲ့ပစ္စည်းတွေဟာ ရွာသားတွေကြောင့်

ကျန်နေခြင်းသာဖြစ်ကြောင်း သူမ သဘောပေါက်သွားတယ်။
မီးလောင်ပြီးတဲ့နောက် မုဆိုးမဟာ အရင်တုံးကလို မာနမကြီးတော့ဘူး။ ရွာရဲ့ ကိစ္စအဝဝကို လိုလေသေးမရှိအောင် ကူညီလေတော့တယ်။
တကယ်တော့ ရွာသားတွေ ငြိမ်းလိုက်တဲ့ မီးဟာ အပြင်မီးလို့ဆိုပေမယ့် မုဆိုးမကြီးရဲ့ အတွင်းမီးဖြစ်တဲ့ မာနတရားကိုလည်း ငြိမ်းသတ်နိုင်ခဲ့ခြင်းပါ။


တောင်တန်းသာသနာပြု ဆရာတော် စဝ်ဆုခမ်း (တန့်ယန်း)
Read More

" ပန်းသီးပုစ္ဆာ "

9:55 PM |




 

တစ်ခါတုန်းက မူလတန်းပြဆရာမလေးတစ်ယောက်ဟာ ခုနှစ်နှစ်အရွယ်ကျောင်းသားလေးကို သင်္ချာပုစ္ဆာမေးပါတယ်။

“ သားကို ပန်းသီးတစ်လုံး နောက်ထပ်ပန်းသီးတစ်လုံး နောက်ထပ်ပန်းသီးတစ်လုံး ပေးမယ်ဆိုရင် သားမှာ ပန်းသီးဘယ်နှလုံးရှိမလဲ”

ချက်ချင်းပဲကျောင်းသားလေးက ပြန်ဖြေတယ်…

“ လေးလုံးပါ ဆရာမ”
ဘာမှမခက်တဲ့အဖြေ သုံးလုံးဆိုတာကို ဆရာမကလိုချင်တာ..။ ဆရာမ စိတ်ပျက်သွားတယ်..။ ဒါပေမယ့် သူတွေးလိုက်မိတယ် … ကလေးက မေးခွန်းကို သေချာနားထောင်မထားလို့ဖြစ်မယ်ဆိုပြီး ထပ်မေးပြန်တယ်..။

“သေချာနားထောင်နော် သား … ဆရာမက သားကို ပန်းသီးတစ်လုံး နောက်တစ်လုံး နောက်တစ်လုံး ပေးမယ်ဆိုရင် သားမှာ ပန်းသီးဘယ်နှစ်လုံးရှိမလဲ”

ကျောင်းသားလေးဟာ သူ့အဖြေကိုဆရာမမကြိုက်မှန်းသိလို့ သေချာအောင် လက်ချိုးရေကြည့်ပြီး အဖြေရှာပါတယ်..။ ဒီတစ်ခါ ရှာတဲ့အဖြေက အဖြေမှန်မဟုတ်ဘဲ ဆရာမကြိုက်မယ့်အဖြေကိုပါ… ဒါပေမယ့် သူသိတဲ့ အဖြေမှန်ကိုပဲ တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ ပြန်ဖြေပါတယ်…။

“ လေး..လုံးပါဆရာမ ”

ဆရာမ စိတ်ပျက်နေတုန်းပါပဲ… ဒါပေမယ့် ဆရာမက ကောင်းလေးစတော်ဘယ်ရီသီး ကြိုက်တာကို သတိရမိတယ်..။ ဒီကလေးဟာ ပန်းသီးကြိုက်ပုံမရဘူး ။ ဒါကြောင့် သူအာရုံမစိုက်တာဖြစ်မယ်…သူကြိုက်တဲ စတော်ဘယ်ရီသီးနဲ့ မေးရင်တော့ သူစိတ်ဝင်စားပြီး အဖြေမှန်အောင်တွက်နိုင်မှာပဲလို့ စဉ်းစားမိတယ်..။ တယ်တော်တဲ့ ငါပါလားလို့လဲ သူ့အတွေးနဲ့သူကျေနပ်ပြီး ပျော်သွားတယ်…နောက်ပြီး ထပ်မေးပြန်တယ်…။

“ ကဲ သား … ဆရာမထပ်မေးမယ်…သားကို စတော်ဘယ်ရီသီးတစ်လုံး နောက်ထပ်စတော်ဘယ်ရီသီးတစ်လုံး နောက်ထပ်စတော်ဘယ်ရီသီးတစ်လုံး ပေးမယ်ဆိုရင် သားမှာ စတော်ဘယ်ရီသီးဘယ်လောက်ရှိမလဲ…”

ဆရာမမျက်နှာရွှင်နေတာကို ကြည့်ပြီး ကောင်လေးလည်း သူ့လက်ကလေးတွေကို သေချာချိုးပြီးရေတွက်ပါတယ်…။ ပြီးတော့ ပြုံးစ⁠စနဲ့ ပြန်ဖြေပါတယ်…

“ သုံးလုံးပါဆရာမ”

ဒီအချိန်မှာတော့ ဆရာမဟာ အောင်နိုင်သူအပြုံးကြီးပြုံးလို့ပေါ့…။ သူ့ကိုယ်သူလည်း တယ်အတွေးကောင်းတဲ့ငါပါလားလို့ တွေးပြီးကျေနပ်နေတာပေါ့..။ ဒါဆိုသူ ပထမပုစ္ဆာကို ဖြေနိုင်မှာပဲ ဆိုပြီး ပထမမေးခွန်းကို ထပ်မေးပြန်တယ်…။

“ ဒါဆို သားကို ဆရာမက ပန်းသီးတစ်လုံး နောက်တစ်လုံး နောက်တစ်လုံး ပေးမယ်ဆိုရင် သားမှာ ပန်းသီးဘယ်နှလုံးရှိမလဲ…”

ကောင်လေးလည်း ချက်ချင်းဖြေတယ်…

“ လေးလုံးပါ ဆရာမ”

ဒီတစ်ခါမှာတော့ ဆရာမ ကြီးအကျယ်ဒေါသထွက်သွားပါပြီ…။

“ ဘာလို့ လေးလုံးဖြစ်နေရပြန်တာလဲ” လို့ ခပ်ထန်ထန်အော်မေးလိုက်ပါတော့တယ်…။ ကောင်ကလေးလည်း အတော်ကြောက်သွားပြီး တုန်တုန်ရီရီနဲ့ ပြန်ဖြေလိုက်ပါတယ်…။

“သား…သား လွယ်အိတ်ထဲမှာလည်း ပန်းသီးတစ်လုံး ပါလာလို့ပါ ဆရာမ…”

ဒီအကြောင်းအရာလေးဟာ ရယ်စရာကောင်းတဲ့ ဟာသလေးဖြစ်သလို သင်ခန်းစာယူစရာလည်း ဖြစ်ပါတယ်…။

## တကယ်လို့ လူတစ်ယောက်က သင်မမျှော်လင့်တဲ့ အဖြေတစ်ခုပေးလာတဲ့အခါ အဲဒီအဖြေမှားတယ်လို့ မယူဆလိုက်ပါနဲ့…။ သူတို့မှာလည်း သင်မြင်မထားတဲ့ ရှုထောင့်တွေရှိနေနိုင်ပါတယ်…##



Credit To Nyein Chan Win
Read More

" ချစ်သူတွေဆိုတာ "

7:42 AM |








ချစ်သူတွေဆိုတာ
တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်မှုလေးတွေမပေးနိုင်တာ
ကြာလာတဲ့အခါ အေးစက်စက်ဖြစ်လာတတ်တယ်

တစ်ယောက်အပေါ် တစ်ယောက် နားလည်မှုလေးတွေမပေးနိုင်တဲ့
အခါ နာကျင်စရာတွေပဲ တိုးလာတတ်တယ်

တစ်ယောက်ယောက်က သစ္စာဆိုတာကို မစောင့်ထိန်းနိုင်တဲ့အခါ
လွယ်လွယ်နဲ့ ပျက်စီးသွားတတ်တယ်

အဲ့ဒါကြောင့်
.......................
တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်မှုလေးတွေနဲ့ အတူ
အချစ်တစ်ခုကို နွေးထွေးမှုတွေပေးနိုင်ပါစေ

တစ်ယောက်အပေါ် တစ်ယောက် နားလည်မှုလေးတွေပေးရင်းနဲ့ 
ပျော်ရွှင်မှုတွေ ဖန်တီးနိုင်ကြပါစေ

တစ်ယောက်ကိုတစ်ယောက် သစ္စာရှိရှိချစ်နေပေးရင်း တည်မြဲတဲ့
Relationship ကို ပိုင်ဆိုင်နိုင်ကြပါစေ

ဘယ်လောက်ပဲ အလုပ်များတဲ့သူတစ်ယောက်ဖြစ်ပါစေ ကိုယ့်ချစ်သူ
ကို Message လေးတစ်စောင်နဲ့ ဖြစ်ဖြစ် အချိန်ခဏလေးပဲဖြစ်ဖြစ်
တန်ဖိုးထား ဂရုစိုက်ပေးနိုင်တဲ့ ချစ်သူကောင်းလေးများ ဖြစ်ကြပါစေ 




♠ Khin Myo Aye ♠
 Today Myanmar
Read More

" သရဲကားထက် ကြောက်စရာကောင်းသည် "

11:46 PM |






ကျနော်တို့ နေထိုင်ရာကမ္ဘာကြီးသည် နေ့စဉ်နှင့်အမျှတိုးတက်လာနေသော ဆန်းသစ်တီထွင်မှု့ များ

ခောတ်မှီတိုးတက်သောအယူအဆများနှင့် တစ်နေ့ တစ်မျိုး မရိုးနိုင်လောက်အောင်ပင်
အံဩဖွယ်တိုးတက် လာနေသည်မှာ မျက်မြင်ဒိဌပင်ဖြစ်သည်။ သို့ သော် " တစ်ဘက်သောင်ထွန်းရင်
တစ်ဘက်ကမ်းပြိုတယ်" ဟူသော စကားအတိုင်း တဘက်တွင်ဘာသာရေး အယူအဆ နှင့်လည်း.
ပက်သက်၍ အားနည်းလာကြသည်ကို တွေ့ ရှိရပေသည်။ အထူးသဖြင့် ဗုဒ္ဓမြတ်စွာဘုရားရှင်
သက်တော်ထင်ရှား ရှိစဉ်ကတည်းက ကိုယ်တော်တိုင်ဟောကြားခဲ့သော ဇာတ်နိပါတ်နှင့် တရားတော်များတွင်
အထင်အရှားတွေ့ မြင်နိုင်သော၊ ဘာသာရေးဆိုင်ရာရှု့ ထောင့်များမှအထင်အရှားလက်ခံထားသော
 အပါယ်လေးဘုံဖြစ်သည့် ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဘုံများ ထဲမှ
 ပြိတ္တာနှင့် အသူရကာယ်ဘုံသားများ (ဝါ) ပရလောကသား(နာနာဘာဝ)များ
အမှန်တကယ်ရှိ နေသည်ဆိုသောအချက်ကို လက်ခံသူများနှင့် လက်မခံသူများကြားအငြင်းပွားမှု့ ကား
ယ္ခုတိုင်ရှိနေစဲဖြစ်သည်။ မယုံကြည်သူများဘက်မှလည်း " တစ္ဆေသရဲဆိုတာ တကယ်မရှိပါဘူး၊
တကယ်ရှိတယ်ဆိုရင်ဘယ်လိုပုံစံလည်းပြောပြပါဆိုတော့ ဘယ်သူမှမပြောနိုင်ကြဘူး။ တကယ်မရှိပါဘူးကွာ၊
တကယ်တော့ ကိုယ့်စိတ်ကကိုယ်တိုင်ပြန်ခြောက်နေတာပါ" အစရှိသဖြင့် ဆိုကြသလိုပဲ၊
ယုံကြည်သူများဘက်ကလည်း " တကယ်ရှိတယ်ဆိုတာမယုံဘူးဆိုရင် အဲ့ဒီနေရာကိုတစ်ယောက်တည်းသွားပါလား
ပြဿနာတက်ခါမှကယ်သူကူသူမဲ့ပြီးဒုက္ခရောက်မယ်။" စသည်ဖြင့် ပြန်လည်ချေပခြင်းမျိုးလည်းရှိပေသည်။
ထိုပြဿနာများကိုဆန်းစစ်ကြည့်လိုက်လျှင် မယုံကြည်သူများဘက်မှ မျက်စိစုံမှိတ်ငြင်းကန်ခြင်းများရှိသကဲ့သို့ 
အလွန်အကျူးယုံကြည်သူများဘက်မှလည်း မိမိ တို့ ယုံကြည်လက်ခံသောအကြောင်းအရာကို ပိုမိုခိုင်မာမှန်ကန်
ကြောင်းသက်သေပြလိုသည့် အနေဖြင့် တကယ်ဖြစ်ရပ်မှန်ထက် ပိုမိုချဲ့ ကားပြောဆိုမှု့ များကလည်း
မယုံကြည်သူများ၏ သံသယ ကို ပိုမိုကြီးထွားလာစေပါသည်။
အမှန်တကယ်လက်တွေ့  ပြင်ပ လောကကြီးတွင်မူ အစွန်းရောက်ယုံကြည်သူတို့ 
 ချဲ့ ကားပြောဆိုနေသလောက် မဟုတ်သော်လည်း ပရလောကသား(ဝါ) နာနာဘာဝများမှာ
အမှန်တကယ်ရှိနေပေသည်။ ကျွန်တော်တို့ ကိုယ်တိုင် ဘာသာရေးဘက်တွင်နှံ့ စပ်ကျွမ်းကျင်သူမဟုတ်သည့်အတွက်
ဘာသာရေးဆိုင်ရာ အချက်အလက်များကိုမှီငြမ်း၍ အကျယ်တဝင့် မရှင်းပြနိုင်သော်ငြားလည်း
ထိုပရလောကသားများ ပုံသဏ္ဍန်အမျိုးမျိုးဖြင့် နေရာဒေသအသီးသီးတွင် ရှိနေသည်ဆိုသောအချက်ကိုမူ
ချွင်းချက်မရှိလက်ခံမိပေသည်။
       
             ကမ္ဘာပေါ်တွင် ကိုးကွယ်မှု့ အများဆုံး အဓိကဘာသာကြီးလေးခုဖြစ်သော
ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူဘာသာနှင့် အစ္စလာမ်ဘာသာတို့ တွင်လည်း ပရလောက ရှိကြောင်းကို
လက်ခံထားကြပေသည်။ ကျွန်ုပ်တို့ သည် ခောတ်ပညာတတ် လက်တွေ့ သမားများဖြစ်သောကြောင့် ဤကဲ့သို့ 
ဂမ္ဘီရဆန်သော၊ လက်တွေ့ အကောင်အထည်မပြနိုင်သော (ဝါ) သက်သေခိုင်ခိုင်မာမာမပြနိုင်သော
အကြောင်းအရာများအပေါ် ယုံကြည်မှု့ မရှိပါဟု အချို့ ကဆိုကြပေမည်။ သို့ ရာတွင် ထိုသို့ သောအဖြစ်အပျက်များမှာ
အချိန်အခါပေါ်မူတည်၍ ကြုံကြိုက်သူများသာ တွေ့ မြင်ကြုံဆုံကြရသည်သာဖြစ်သည့်အပြင် ၎င်းအချိန်တွင်
ကာယကံရှင်မှာ ရည်ရွယ်၍ ပြင်ဆင်လာခဲ့မှု့ များမရှိသည့်အတွက်၊ သက်သေ၊ မှတ်တမ်းဟူ၍ ဘယ်မှာရနိုင်မည်နည်း။
ထိုကြောင့် ကြုံတွေ့ ခဲ့ရသူများမှ ၎င်းတို့ အတွေ့ အကြုံကို ပြန်လည်ပြောပြသည်ကိုသာ လက်ခံကြရမည်ဖြစ်သည်။
သို့ ရာတွင် ယခုအခါ ဤအကြောင်းအရာများကိုကမ္ဘာတစ်ဝှမ်း လက်ခံလာကြသည်နှင့်အမျှ နည်းပညာမြင့်မားသည့်
နိုင်ငံများမှ အဆိုပါဖြစ်ရပ်များကို အသေးစိတ်မှတ်တမ်းတင်မှု့ များ နေရာဒေသ အချိန်မရွေး
 လေ့လာကြည့်ရှု့ နိုင်ကြပြီဖြစ်သည်။

 ပိုင်စိုးသူ


လွန်ခဲ့တဲ့ (၁၅)နှစ်လောက်က အရှေ့တောင်အာရှရဲ့ အတိုးတက်ဆုံး နိုင်ငံတစ်ခု၏ မြို့တော်ကြီး အစွန်းအဖျားက တရုတ်သင်္ချိုင်းကုန်းမှာ တရားမ၀င် နေထိုင်ပြီး အလုပ်လုပ်ကြတဲ့ မြန်မာ နိုင်ငံမှ တိုင်းရင်း သား အလုပ်သမားအုပ်စု တစ်အုပ်စု ရှိခဲ့ဖူးပါတယ်။ သူတို့က တရုတ်သင်္ချိုင်းရှိ အုတ်ဂူတွေ ဆေးသုတ် တာတို့၊ မြက်ခင်းတွေ ပြုပြင်တာတို့၊ ပန်းပင်တွေ အလှအပ မွမ်းမံတာတို့ လုပ်ရပါတယ်။

တနေ့ကျတော့ အလုပ်သမားတစ်ယောက်က တရုတ်သင်္ချိုင်းရှိ အုတ်ဂူ တစ်ခုရဲ့ အပေါ်မှာ ကလေး ကစားစရာပစ္စည်း ခပ်ကြီးကြီးတစ်ခုကို တွေ့ရလို့ အခန်းကို သယ်သွားပါတယ်။ နောက် သုံး … လေးရက် ကြာ တော့ အုတ်ဂူနဲ့ ပက်သက်တဲ့ ကျန်ရစ်သူ တရုတ်မိသားစု ရောက်လာပြီး ကွယ်လွန်သွားတဲ့ သူတို့သားလေး အုတ်ဂူပေါ်မှာ အမှတ်တရ တင်ထား တဲ့ ကစားစရာ မော်တော်ကားလေး ပျောက် သွားကြောင်း တရုတ်သင်္ချိုင်း ကို ပြုပြင်ရေး ကန်ထရိုက်ဆွဲထားတဲ့ တရုတ်သူဋ္ဌေးကို တိုင်ကြားပါတော့ တယ်။ ဒါနဲ့ တရုတ်သူဋ္ဌေးလည်း ဒေါပွပြီး မြန်မာအလုပ်သမား အားလုံးကို နှစ်ပတ်တိတိ အလုပ်မဆင်းဖို့ အပြစ်ပေးပါတော့တယ်။

နှစ်ပတ်တိတိ အလုပ်ပြုတ်နေတဲ့ အလုပ်သမားတွေလည်း အလုပ် ပြန် မဆင်းရခင် စပ်ကြား သူတို့ နေထိုင်ရာ အခန်းထဲမှာ နေ့တိုင်း လိုလို သောက်ပွဲစားပွဲလေးတွေ လုပ်ပြီး နေခဲ့ကြပါတယ်။ အခန်းရဲ့
ပြင်ပ ဆိုလို့ တိုက်နံဘေးက စတိုးဆိုင်လောက်ပဲ သူတို့ သွားရဲ ပါတယ်။ သူတို့ အားလုံးက အဲဒီနိုင်ငံမှာ တရားမ၀င် နေထိုင်ပြီး အလုပ် လုပ်စားနေရတဲ့ ဘ၀တွေပါ။

အခန်းတံခါး ပိတ်ပြီး အခန်းထဲမှာ အရက် စုသောက်ကြတဲ့ အလုပ်သမား တွေထဲမှာ အရက်နည်းနည်းလောက် သောက်ပြီးရင် သွေးဆူတတ်တဲ့ အလုပ်သမား တစ်ယောက် ရှိပါတယ်။ ထိုသူက အလုပ်သမားအားလုံး နှစ်ပတ်တိတိ အလုပ်ပြုတ်ရတဲ့ တရားခံ အလုပ်သမားပါ။ တရုတ်သင်္ချိုင်း
ကလေးအုတ်ဂူပေါ်က ကစားစရာ မော်တော်ကားလေး ကို ယူလာတာ လည်း သူပါပဲ။ အလုပ်ခဏ ပြုတ်လို့ အရက်သောက်လိုက် တီဗွီကြည့် လိုက်လုပ်နေကြတဲ့ ညတညမှာ ကလေး ကစားစရာကို သင်္ချိုင်းက ယူလာ တဲ့ အလုပ်သမားက အရက်သောက်ပြီး အရက်ဝိုင်းနံဘေးမှာ အိပ်ပျော်သွား
ပါတယ်။ အရက် သောက်နေကြတဲ့ အလုပ်သမားတွေဟာ အရက်သောက် နေရင်း စကားသံကို ကျယ်ကျယ် မပြောရဲပါဘူး။ နံဘေးအခန်းတွေက သူတို့ရဲ့ ဆူညံမှုကို ရဲစခန်းဆီ ဖုန်းဆက် တိုင်ကြားရင် သူတို့အားလုံး တရားမ၀င် အလုပ်သမားဖြစ်နေတာကို ရဲက သိသွားမှာ စိုးလို့ပါ။

ဒီလိုနဲ့ နည်းနည်း ညဥ့်နက်လာချိန်မှာ အရက်ဝိုင်းနံဘေး အိပ်ပျော်နေတဲ့ အလုပ်သမားက နိုးလာပါတယ်။ ပြီးတော့ အိပ်ချင်မူးတူးနဲ့ အရက်တွေ ကို တစ်ခွက်ပြီး တစ်ခွက် ယူသောက်ပါတယ်။ ထို့နောက် အရက်ဝိုင်း ထဲက အခြားအလုပ်သမားတွေကို စကားသံ ဗလုံဗထွေးနဲ့ ယစ်ပါတော့ တယ်။ အဲဒါနဲ့လည်း မပြီးသေးပါဘူး၊ အိပ်ခန်းထဲက အိပ်ပျော်နေတဲ့ သူတွေကို ဇွတ်အတင်းနိုးပြီး ယစ်ပါသေးတယ်။ ပထမတော့ အားလုံးက သူ့ကို မူးပြီး မယစ်ဖို့ ၀ိုင်းပြီး တောင်းပန်ကြပါတယ်။ ဘယ်လိုလိုပြောပြော ပြောလို့ မရခဲ့ပါဘူး။ အမူးလွန်နေတဲ့ သူက နောက်ဆုံးမှာ နောက်ဖေး မီးဖိုချောင်ထဲက အသားလှီး ဓါးကို ယူပြီး အားလုံးကို ခုတ်မယ် ထစ်မယ် တကဲကဲ လုပ်ပါတော့တယ်။ အသံတွေဟာ တစထက်တစ ပိုဆူညံလာပြီး
ထိန်းမရအောင် ဖြစ်လာပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ အဲဒီအခန်းထဲက အလုပ်သမားအားလုံး ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပါတယ်။

မူးပြီး ယစ်နေတဲ့ အလုပ်သမားကို သတ်ပြစ်လိုက်ပါတယ်။ သေသူရဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ထစ်ကြပါတယ်။ အဲဒီလို အပိုင်းပိုင်း ဖြစ်အောင် ခုတ်ထစ်တဲ့ နေရာမှာ အခန်းရဲ့ ကြမ်းပြင်ပေါ်မှာ တင်ပြီး ခုတ်ထစ် ရင် ဓါးမ’ကြောင့် ခုတ်သံတွေ ထွက်ပေါ်လာလို့ အောက်ခန်းက လူတွေ သိသွားမှာကို သူတို့ စိုးရိမ်းကြပါတယ်။ ဒါကြောင့် လူသေအလောင်းကို ဟိုဖက်တစ်ယောက် ဒီဖက်တစ်ယောက် အမြင့်မှာ မြှောက်ပြီး ခုတ်ထစ် ကြပါတယ်။ အဲဒီနောက် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အမှိုက်ပြစ်ရာ
အသုံးပြုတဲ့ အိတ်အမဲရောင်တွေနဲ့ နှစ်ထပ် သုံးထပ် သေသေချာချာ ထုတ်ပိုး ပါတယ်။ မနက် မိုးမလင်းခင် ဝေလီဝေလင်းမှာ လူသေအစိတ်အပိုင်းများ ထည့်ထားတဲ့ အိတ်အမဲတွေကို သူတို့ နေထိုင်ရာ တိုက်အမြင့်ကြီး၏ အမှိုက်ပြစ်ရာတွင် အသုံးပြုသော *ဂလိုင်ပေါက်မှတဆင့် ပြစ်ချ ခဲ့ကြ ပါတယ်။

(*ဂလိုင်ပေါက်= ကန်ထရိုက်တိုက်အပေါ်ထပ်တွင် နေထိုင်သူများ အနေဖြင့် အမှိုက်ထုပ်များကို စွန့်ပြစ်ရာတွင် တိုက်အောက်ခြေသို့ ဆင်းစရာ မလိုပဲ အလွှာတိုင်းတွင် ရှိသော အမှိုက်ပြစ်နိုင်သည့်
အပေါက်တစ်ခု။)

အသတ်ခံရတဲ့ အလုပ်သမား မိသားစုဟာ မြန်မာနိုင်ငံအောက်ပိုင်းက ကျေးရွာလေးတစ်ခုကပါ။ ဇနီးသည်နဲ့ သားသမီးငယ်သုံးဦး တို့ဟာ အဲဒီသတင်းကို ချက်ချင်း မသိရှိခဲ့ကြပါဘူး။ သေဆုံးသွားသူရဲ့ ကလေး ငယ်များဟာ ညစဉ်လိုလို အိမ်မက်ဆိုးတွေ မက်ခဲ့ကြပါတယ်။ သူတို့ ရဲ့ ဖခင်ဖြစ်သူဟာ ကစားစရာ မော်တော်ကားလေး တစ်ခုကို လက် တစ်ဖက်မှာ ကိုင်ဆောင်ထားသလို အခြားလက်တစ်ဖက် မှာလည်း အသားဖြူဖြူ ကလေးငယ်တစ်ဦး လက်ဆွဲပြီး သူတို့အိမ် အပေါက်ဝ မှာ မျက်နှာငယ်ငယ်နဲ့ ရောက်လာတယ်လို့ အိမ်မက် မက်ကြပါတယ်။

အသတ်ခံရသူဟာ နှစ်လ တစ်ကြိမ် အိမ်ကို ပိုက်ဆံပို့တဲ့ အခါတိုင်း သူ့မိသားစုထံ ဖုန်းဆက်လေ့ ရှိပါတယ်။ ကျန်ရစ်သူ မိသားစုလည်း လကုန်ရင် တယ်လီဖုန်းဆက်မလားလို့ စောင့်မျှော် နေခဲ့ကြပါတယ်။

လူသတ်မှုကို ကျူးလွန်ခဲ့တဲ့ အလုပ်သမားတွေလည်း အဲဒီကိစ္စကို ညီညွတ်စွာနဲ့ တိုးတိုးတိတ်တိတ်ပဲ နေခဲ့ကြပါတယ်။ ဒီလိုနဲ့ လူသတ်မှု ဖြစ်ပွားပြီး နှစ်ပတ် သုံးပတ်လောက် ကြာတော့ သူတို့ ဌားရမ်း
နေထိုင်ရာ အဲဒီအဆောက်အဦးမှာ သတင်းတွေ ထွက်ပေါ်လာပါ တယ်။ တိုက်တစ်ခုလုံးမှာ နေထိုင်သူ အများစုက ဒေသခံ တရုတ် လူမျိုးတွေ ဖြစ်ပါတယ်။ ညဖက် အမှိုက်ထုပ်သွားပြစ်သူတွေကို သရဲ ခြောက်ခံ ရတဲ့ သတင်းဟာ တဖြေးဖြေးချင်း လူပြော များလာပါတယ်။

လူသတ်မှုကို ကျူးလွန်ခဲ့တဲ့ အလုပ်သမားတွေထဲမှာ အသတ်ခံရတဲ့
အလုပ်သမားနဲ့ တရွာတည်း အတူတူ အလုပ်လာလုပ်သော အလုပ်
သမား တစ်ယောက်ရှိပါတယ်။ ထိုသူလည်း ညစဉ် အိမ်မက်ဆိုးတွေ
မက်ခဲ့ပါတယ်။ ညစဉ် အိမ်မက်ထဲမှာ အသတ်ခံရတဲ့ အလုပ်သမားက
သူ့ အတွက် ဘာသာရေးဆိုင်ရာ အမျှအတန်းပေးဝေဖို့ လာပြောတယ်
လို့ ဆိုပါတယ်။ ပြီးတော့ ကျန်ရစ်ခဲ့တဲ့ သူ့ပစ္စည်းတွေနဲ့ ပိုက်ဆံအချို့
ကို သူ့မိသားစုထံ ပို့ပေးဖို့လည်း အိမ်မက်ထဲမှာ လာလာပြောတယ်
လို့ ဆိုပါတယ်။ ဒါနဲ့ ကျန်တဲ့ အလုပ်သမားတွေလည်း သူတို့ သတ်လိုက်
တဲ့ အလုပ်သမားမိသားစုကို သနားပြီး ကျန်ရစ်ခဲ့တဲ့ သူ့မိသားစုထံ
နှစ်လ တစ်ကြိမ် စုပေါင်းပြီး ပိုက်ဆံ ပို့ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အသတ်ခံရသူရဲ့ ရုပ်အလောင်းကို တစ စီ ခုတ်ထစ်ပြီး လွှတ်ပြစ်ခဲ့
တဲ့ အမှိုက်ပြစ်ရာ လမ်းကြားက သူတို့ နေထိုင်ရာ အလွှာမှာ နှစ်ဖက်
ရှိပါတယ်။ တိုက်ရဲ့ ဘေးအစွန်းနှစ်ဖက်မှာ အပေါ်ထပ်ကို တက်ရောက်
နိုင်တဲ့ လှေကားတွေ ရှိပါတယ်။ အမှိုက်ပြစ်တဲ့ လမ်းကြားဟာ လှေကား
နဲ့ ကပ်လျှက်မှာ ရှိပါတယ်။ သူတို့နေထိုင်ရာ အလွှာက နေထိုင်သူ
တွေ ညဖက်ဆိုရင် ဘယ်သူမျှ အမှိုက် သွားမပြစ်ရဲပါဘူး။ အဲဒီလှေကား
နံဘေးကို ညဖက်တွေမှာ ဘယ်သူမျှ မသွားရဲပါဘူး၊ အခြားအစွန်း
တစ်ဖက်မှာရှိတဲ့ လှေကားနဲ့ အမှိုက်ပြစ်တဲ့ လမ်းကြားကိုပဲ အသုံးပြု
ကြပါတယ်။ အဲဒီလမ်းကြားနဲ့ ကပ်လျှက် အခန်းက လူတွေကတော့
ညဖက်တွေမှာ လမ်းလျှောက်သံတွေ ကြားရတယ်၊ လူတစ်ယောက်
ဒေါသထွက်ပြီး “တောက်” ခေါက်လိုက်တဲ့ အသံ၊ ၀မ်းနည်းစွာနဲ့
ရှိုက်ကြီးတငင်ငင် ငိုကြွေးသံတွေ ကြားရတယ်လို့ ဆိုပါတယ်။

တိုက်မှာ နေထိုင်တဲ့ တရုတ်မိသားစုတွေက သရဲခြောက်တယ်လို့
နာမည်ထွက်လာတဲ့ အမှိုက်သွားပြစ်ရာ လမ်းကြားကို ပထမတော့
စာရွက်တွေ သွားကပ်ပါတယ်။ အဲဒီစာရွက်တွေက တရုတ်ဘုံကျောင်း
တွေမှာ ပေးဝေတဲ့ ဘာသာရေးစာ ရေးသားထားတဲ့ စာရွက်တွေပါ။
ဒါပေမဲ့ သရဲခြောက်တဲ့ ပြဿနာက ပြေလည် မသွားပါဘူး။ လူသတ်မှု
ကို ကျူးလွန်ခဲ့တဲ့ အလုပ်သမားတွေလည်း နောက် လေး …ငါးလ
အကြာလောက်မှ အဲဒီတိုက်ကနေ အခြားတစ်နေရာကို ပြောင်းရွှေ့
သွားပါတယ်။ သူတို့ လူသတ်မှု ဖြစ်ပွားပြီး တစ်နှစ်ကျော်ကျော် အကြာ
မှာ အသတ်ခံရသူရဲ့ မိသားစုထံကို လုပ်ငန်းခွင်မှာ မတော်တဆ
ဖြစ်ပြီး ကွယ်လွန်သွားကြောင်း အကြောင်းကြားခဲ့ပါတယ်။ မြန်မာပြည်
က မိသားစုလည်း ဘုမသိ ဘာမသိနဲ့ သူများပြောတာကို ယုံပြီး
လက်ခံလိုက်ရပါတယ်။ ရေခြားမြေခြားမှာ တရားမ၀င် နေထိုင်ပြီး
အလုပ်လုပ်နေရတဲ့ အလုပ်သမားတစ်ယောက်ရဲ့ သေဆုံးမှုမှာ
အလောင်းကို ပြန်သယ်ဆောင်ဖို့ဆိုတာ ခက်ခဲမှာပဲလို့ ကျန်ရစ်သူ
မိသားစုက မှတ်ယူခဲ့ပါတယ်။

သရဲခြောက်တဲ့ ဇာတ်လမ်းက မပြီးဆုံးခဲ့ပါ။ သရဲခြောက်တယ်လို့
နာမည်းကြီးနေတဲ့ အဲဒီတိုက်ကြီးကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်က
တရားဝင်နေထိုင်ပြီး အလုပ် လုပ်ကိုင်ဖို့ မြန်မာပြည်က မိသားစု
တစ်စု ပြောင်းရွေ့လာပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ မြန်မာပြည်က ပြောင်းရွှေ့လာတဲ့
မိသားစုဟာ ယခင်က လူသတ်မှုဖြစ်ပွားခဲ့တဲ့ အခန်းနံဘေးက အခန်း
မှာ နေထိုင်ကြပါတယ်။ သူတို့မိသားစုမှာ ဆရာဝန် လင်မယား၊ သားသမီး
သုံးဦး၊ အဖွားဖြစ်သူတို့ ပါရှိတဲ့ လူခြောက်ဦးပါ။ သူတို့ ပြောင်းရွှေ့လာပြီး
လပိုင်းအတွင်း သူတို့အလွှာမှာ နေထိုင်တဲ့ တရုတ်မိသားစုတွေနဲ့
ခင်မင်ရင်းနှီးလာပါတယ်။ တရုတ်မိသားစုတွေဆီကနေ အမှိုက်ပြစ်တဲ့
လမ်းကြားမှာ ညဖက်ဆိုရင် သရဲခြောက်တယ်ဆိုတဲ့ သတင်းစကားကို
သူတို့ ကြားသိခဲ့ပါတယ်။

သူတို့ ကြားခါစက မယုံတ၀က် ယုံတ၀က်ပါ။ ခင်ပွန်းဖြစ်သူ ဆရာဝန်
က သရဲတစ္ဆေကို လုံးဝ မယုံကြည်သူပါ။ တနေ့တော့ အဲဒီတိုင်းပြည်မှာ
လာရောက် အလုပ် လုပ်နေတဲ့ ငယ်သူငယ်ချင်းတွေကို သူတို့ အခန်းမှာ
ညစား ခေါ်ကျွေးပါတယ်။ ညစား စားရင် အရက် သောက်ဖြစ်ကြပါ
တယ်။ ည တစ်နာရီ ပတ်ဝန်းကျင်လောက်မှာ အရက်ဝိုင်း သိမ်းပါတော့
တယ်။ ညစား စားပွဲကနေ အိမ်ပြန်ကြမယ့် သူငယ်ချင်းတွေကို အိမ်ရှင်
ဆရာဝန်နဲ့ နောက်တနေ့မနက်ကျမှ အိမ်ကိုပြန်မယ့် ငယ်သူချင်းတစ်ဦး
တို့က ကားဂိတ်အထိ လိုက်ပို့ကြပါတယ်။

ဒီလိုနဲ့ ငယ်သူငယ်ချင်းတွေကို အဌားကား(TAXI) ပေါ်တင်ပြီး တိုက်
ပေါ်ကို ပြန်တက်လာခဲ့ပါတယ်။ နှစ်ဦးစလုံး အနည်းငယ် မူးနေတာ
ကြောင့် သူတို့အခန်းရှိရာနဲ့ နီးကပ်တဲ့ လှေကားကနေ အပေါ်ထပ်
ကို တက်လာခဲ့ပါတယ်။ လှေကားအပေါ်ကို တက်ခါစမှာ အပေါ်က
စကားပြောနေသံလိုလို သူတို့ ကြားနေရပါတယ်။ သူ့တို့စိတ်ထဲ
မှာ သူတို့ နှစ်ဦးစလုံး မူးနေလို့ အိမ်ရှင် ဆရာဝန်မိသားစု အခန်း
တံခါး အပြင်ထွက်ပြီး စောင့်နေတာ ဖြစ်မယ်လို့ ထင်နေပါတယ်။

လှေကားကနေ သူတို့အလွှာထဲ ချိုးအကွေ့မှာ ရုတ်တရက်
နှစ်ဦးစလုံး ကြက်သီးတွေ ထ သွားပါတယ်။ မူးနေတာလည်း ပြေသလို
ခံစားလိုက်ရပါတယ်။ သူတို့ ခုနက ကြားနေရတဲ့ အသံကို သတိ
ရလိုက်ပါတယ်။ ဒါနဲ့ နံဘေးပတ်ပတ်လည်ကို လျှောက်ကြည့်
လိုက်တော့ အမှိုက်သွားပြစ်နေကြ လမ်းကြားထဲမှာ လူတစ်ယောက်
က ကျောပေးပြီး အမှိုက်ပြစ်တဲ့ အပေါက်ဝ အပေါ်က နံရံကို
လက်နှစ်ဖက်မြှောက်တွန်းလို့ ခပ်ကုန်းကုန်း ရပ်နေပါတယ်။
အဲဒီလူရဲ့ နောက်ဖက်မှာ ကလေးငယ်တစ်ဦးက ငိုနေပြီး ကျောပေး
ရပ်နေသူရဲ့ တင်ပါးကို တဖြန်းဖြန်းနဲ့ ရိုက်နေပါတယ်။ သူတို့ ရပ်လိုက်
တဲ့ ခဏလေးအတွင်းမှာပဲ ကလေးငယ်ဟာ သူတို့ဖက်ကို လှည့်ကြည့်
လာပါတယ်။ ကလေးရဲ့ မျက်လုံးနှစ်ဖက်ဟာ တော်တော်လေး ငို
ထားတဲ့ပုံစံမျိုးပါ။ မျက်လုံးတွေ ရဲရဲတောက်လို့။

ကလေးက သူတို့ကို မြင်မြင်ချင်း အံ့အားသင့်သလို ဖြစ်သွားပြီး စိုက်
ကြည့်နေပါတယ်။ ငိုနေတဲ့ ကလေးငယ်ကို ဆရာဝန်ဖြစ်သူက တချက်
ပြုံးပြပြီး သူ့တို့အခန်းဖက်ဆီ ထွက်ခဲ့ပါတယ်။ ခြေလှမ်း လေး …. ငါး
လှမ်းလောက် လှမ်းပြီးချိန်မှာ သူတို့ နောက်ကျောဖက်ကနေ အသံတစ်ခု
ကြားလိုက်ရပါတယ်။ “ညီလေးတို့” ဆိုတဲ့ အသံကို သူတို့နှစ်ဦး သေသေ
ချာချာ သဲသဲကွဲကွဲ ကြားလိုက်ရတာပါ။ ဒါနဲ့ နောက်ကို ပြန်လှည့်ကြည့်
တော့ နောက်မှာ ဘယ်သူကိုမျှ မတွေ့ရပါ။ သူတို့စိတ်ထဲ ဇဝေဇ၀ါ ဖြစ်ဖြစ်
နဲ့ အခန်းဆီ ဆက်မသွားသေးပဲ အခုလေးတင် ကျော်ဖြတ်ခဲ့တဲ့ အမှိုက်
ပြစ်တဲ့ လမ်းကြားဆီ နှစ်ဦးသား ပြန်သွားကြည့်ပါတယ်။ လမ်းကြားထိပ်
ကို ရောက်တော့ လမ်းကြားထဲမှာ ဘယ်သူကိုမျှ မတွေ့ရတာကြောင့်
အရမ်း အံ့သြသွားပါတယ်။ ခုနက ကျောပေးရပ်နေသူနဲ့ ကလေးငယ်တို့၊
ဒီလမ်းလေးထဲကနေ စက္ကန့်ပိုင်းလောက်သာ ရှိတဲ့ အချိန်အတွင်း
လျင်လျင်မြန်မြန်ကြီး ထွက်ခွာ ပျောက်ကွယ်သွားဖို့ဆိုတာ လုံးဝ
မဖြစ်နိုင်ပါဘူးလို့ အဓိပ္ပါယ်ရတဲ့ မျက်လုံးတွေနဲ့ တစ်ဦးနဲ့တစ်ဦး
ကြည့်မိလိုက်ပါတယ်။ အဲဒီအချိန်အထိ သူတို့နှစ်ဦးစလုံး သရဲခြောက်
ခံနေရတယ်လို့ သူတို့ကိုယ် သူတို့ မထင်သေးပါဘူး။

သူတို့နေထိုင်ရာ အခန်းရှေ့ရှိ ပထမ သံတခါးမှာ ခတ်ထားတဲ့ သော့
ခလောက်ကို ဖွင့်ရင်း အထဲကို အ၀င်မှာ သော့ခလောက်အိမ်က ကြမ်းပြင်
ပေါ် ပြုတ်ကျသွားပါတယ်။ အိမ်ရှင်ဆရာဝန်ဖြစ်သူက ပြုတ်ကျသွားတဲ့
သော့ခလောက်အိမ်ကို ကုန်းကောက်လိုက်ချိန်မှာ နံဘေးက ဧည့်သည်
သူငယ်ချင်းဖြစ်သူက …
“ဟိုနား ပုန်းနကွယ်ကနေ လူနှစ်ယောက် ခေါင်းလေးတွေ ထွက်ပြီး
ပြူးတစ် ပြူးတစ်နဲ့ ငါတို့ကို ကြည့်နေတယ်ကွ …”
လို့ ပြောပါတယ်။
အိမ်ရှင်ဆရာဝန်က လှမ်းကြည့်တော့ ဘာမျှ မတွေ့ရပါဘူး။
သော့ခလောက်ပြုတ်ကျသံ၊ သံတခါး ဖွင့်သံတွေကြောင့် အိမ်ထဲက
မိသားစုလည်း အတွင်း သစ်သားတံခါးကို ဖွင့်လာပါတယ်။ ဧည့်သည်
ဖြစ်သူက အိမ်ထဲက ထွက်လာတဲ့ မိသားစုကို ဒီတိုက်မှာ အခြား
မြန်မာ အလုပ်သမားတွေ စုပေါင်းနေထိုင်တဲ့ အခန်းများ ရှိသလား
လို့ မေးမြန်းစပ်စုရင်း အခန်းထဲကို ၀င်ခဲ့ကြပါတယ်။

ဆရာဝန်မိသားစုက ဧည့်သည် သူငယ်ချင်းဖြစ်သူကို သူတို့အလွှာ
ရဲ့ အမှိုက်ပြစ်တဲ့ လမ်းကြားမှာ ညဖက် သရဲခြောက်ကြောင်း ရှင်းပြ
ကြပါတယ်။ နံဘေးခန်းက လူတွေဆိုရင် ညဖက်မှာ အဲဒီနေရာဆီ
အမှိုက်သွားမပြစ်ရဲသလို တတိုက်လုံးမှာ နေတဲ့ လူတွေလည်း အဲဒီ
ဖက် လှေကားကို ညဖက်မှာ အတက်အဆင်း မလုပ်ရဲကြောင်း ပြောပြ
ပါတယ်။ ဧည့်သည် သူငယ်ချင်းက သူ အလုပ် လုပ်နေတဲ့ စက်ရုံမှာ
သရဲတစ္ဆေခြောက်တယ်လို့ နာမည်ကြီးတဲ့ နေရာတွေမှာ စပ်စုစမ်းသပ်
ချင်တဲ့ လူငယ်အလုပ်သမားများ ရှိကြောင်း၊ ခွင့်ပြုမယ်ဆိုရင် သူတို့ကို
ခေါ်ဆောင်ပြီး အလည်လာချင်ကြောင်း ပြောပါတယ်။ အိမ်ရှင်မိသားစု
က အရမ်းဆူဆူညံညံ မဖြစ်ဘူးဆိုရင် အလည်လာခဲ့ဖို့ ဖိတ်ကြား
လိုက်ပါတယ်။

အဲဒီည တညလုံး အိမ်ရှင်ဖြစ်သူ ဆရာဝန်ဟာ အိမ်မက်ဆိုးတွေ
မက်ပြီး အိပ်ယာက လန့်လန့်နိုးပါတယ်။ အိမ်မက်ထဲမှာ သူ
တခါမျှ မတွေ့ဖူးတဲ့ လူတစ်ယောက်က သူ့ကို သင်္ချိုင်းကုန်းတစ်ခု
သို့ ခေါ်ဆောင်သွားပါတယ်၊ ပြီးတော့ အုတ်ဂူတစ်ခုကို လက်ညှိုး
ထိုးပြပြီး ကလေးကစားစရာ မော်တော်ကားတစ်ခု ရှာဖွေ လာထား
ပေးဖို့နဲ့ ဖုန်းနံပါတ်တစ်ခုကို ရွတ်ပြပြီး သူ့သားသမီးတွေကို
အကူအညီပေးဖို့လည်း ငိုပြီး ပြောပါတယ်။ အဲဒီအိမ်မက်အကြောင်း
ဆရာဝန်က ကျန်တဲ့သူတွေကို ပြောပြပါတယ်။

မနက်မိုးလင်းတော့ အိမ်ကိုပြန်မယ့် ဧည့်သည်ဖြစ်သူ ငယ်သူငယ်ချင်း
ကို ညက သူ မက်ခဲ့တဲ့ အိမ်မက်အကြောင်း ပြောပြပါတယ်။ သူငယ်ချင်း
ဖြစ်သူက …
“ဒါ မင်းကို ချဲထိုးဖို့ နံပါတ် ပေးတာနဲ့တူတယ်၊ အိမ်မက်ထဲမှာ သူ ပြော
သွားတဲ့ တယ်လီဖုန်းနံပါတ်ရဲ့ နောက်ဆုံးဂဏန်း လေးလုံးကို ဒီတိုင်းပြည်
က လေးလုံးထီမှာ သွားထိုးကြည့်ပါလား …”
လို့ ရယ်မောစရာ ပြောပါတယ်။
တခါမျှ ထီမထိုးဖူးတဲ့ ဆရာဝန်လည်း ထီဆိုင်မှာ သွားပြီး လေးလုံးထီ
ကို အရှေ့ ငါးကျပ်၊ အနောက် ငါးကျပ်ဖိုး ထီထိုးပါတော့တယ်။

နောက်တနေ့ ညနေမှာ သူငယ်ချင်းဖြစ်သူနဲ့ လူငယ်လေးယောက်တို့
သူတို့အခန်းကို အလည်ရောက်လာပါတယ်။ အလည်လာသူများက
သရဲခြောက်တဲ့ ကိစ္စကို လက်တွေ့စမ်းသပ်ကြည့်ချင်ကြောင်း ပြော
ကြပါတယ်။ ဘယ်လို စမ်းသပ်မှာလဲလို့ မေးကြည့်တော့ လူငယ်များက
သူတို့မှာ နည်းလမ်း (၂)ခုရှိကြောင်း၊ ပထမ နည်းက သရဲခြောက်တဲ့
နေရာဆီ သစ်သားခုံ တစ်ခု သယ်သွားမယ် … ပြီးတော့ အဲဒီ သစ်သားခုံ
ပေါ်မှာ လက်ဖ၀ါးတွေကို မှောက်ခုံအနေအထားနဲ့ ကားပြီး ဖြန့်
ထားရမယ် … လက်မချင်း ထိထားရမယ် .... လူတိုင်း အဲဒီပုံစံ
လုပ်ရမယ် … တစ်ဦးနဲ့ တစ်ဦး လက်သန်းချင်း ထိထားရမယ်
… ခုံအလယ်မှာ အသားစိမ်းတစ်ခုကို ခွက်တစ်ခုနဲ့ လုံအောင်အုပ်ပြီး
အဲဒီအပေါ်မှာ ဖယောင်းတိုင် ထွန်းထားရမယ် … နံဘေးမှာ ရပ်ကြည့်
နေသူ မရှိရဘူး … သရဲခေါ်တဲ့လူက လွဲရင် အစီအစဉ် စတဲ့အချိန်
ကနေ ပြန်ထွက်ဖို့ ပြောတဲ့အထိ ဘယ်သူမျှ စကားမပြောရဘူး
… လို့ ဆိုပါတယ်။

ဒုတိယနည်းကတော့ “ခေါစာ”ပြစ်ပြီး “ပြာ” ခင်းတဲ့ နည်းလို့ ဆို
ပါတယ်။ ဖိနပ်ကို ဘယ်ညာပြောင်းစီးရမယ် … အင်္ကျီကို ပြောင်းပြန်
ဝတ်သွားရမယ် … “ခေါစာ” သွားပြစ်မယ့် လူက “လိပ်ပြာ” ရင့်တဲ့သူ
(လုံးဝ အကြောက်အလန့် မရှိသူ) … လက်ပြန်အနေအထားနဲ့ ခေါစာ
ကျွေးမဲ့ လင်ဗန်းကို ချရမယ် … လင်ဗန်းရဲ့ နံဘေး ပတ်ပတ်လည်မှာ
“ပြာ”မှုန့်တွေ ခင်းရမယ် … ဟင်းအိုးအုပ်တဲ့ စလောင်းဖုံး တစ်ခုခုနဲ့
အသံထွက်အောင် တီးပြီး လာစားဖို့ ဖိတ်ရမယ် … ခေါစာ ပြစ်ထားတဲ့
နံဘေးကို ဘယ်သူမျှ မသွားရဘူး … နှစ်နာရီလောက်နေရင် လာ မလာ
ဆိုတဲ့ “ခြေရာ”တွေကို ပြာတွေပေါ်မှာ သွားကြည့်လို့ ရကြောင်း
ပြောပြကြပါတယ်။

ဒီလိုနဲ့ အိမ်ရှင် ဆရာဝန် အပါအ၀င် လူခြောက်ယောက်တို့ဟာ
သရဲ ရှိ မရှိကို စမ်းသပ်ဖို့ အလုပ်များကြပါတော့တယ်။ သူတို့တိုက်
နံဘေးရှိ တရုတ်မြေစိုက်နတ်စင်ကနေ အမွှေးတိုင်ကြောင့်
ကြွေကျထားတဲ့ ပြာမှုန့်တွေကို သွားယူကြပါတယ်။ နောက်ဖေး
မီးဖိုချောင်မှာ Gas မီးဖိုကို အသုံးပြုတာကြောင့် အိမ်တွေမှာ ပြာမှုန့်
ရှာဖို့ ခက်ခဲပါတယ်။ ဒါကြောင့် တရုတ်သတင်းစာတွေကို မီးရှို့ပြီး
“ပြာ” ရအောင် လုပ်ရပါတယ်။ သူတို့ စမ်းသပ်ဖို့ သဘောတူ ထားတဲ့
နည်းလမ်းက ဒုတိယ နည်းလမ်းပါ။ ပထမ နည်းကို သဘော
မတူကြပါဘူး။ ခေါ်လိုက်လို့ ၀င်လာရင်၊ ၀င်လာတဲ့ သရဲက သရဲ
ထက်ကြီးသော “သဘက်” ဆိုရင် အန္တရာယ်ရှိမှာ စိုးလို့ပါ။

ည (၉)နာရီ ကျော်ကျော်လောက်မှာ သရဲခြောက်တဲ့ အမှိုက်ပြစ်ရာ
လမ်းကြားဆီကို သူတို့ သွားကြပါတယ်။ “ခေါစာ” ပြစ်မဲ့ လင်ဗန်းထဲမှာ
စားစရာတွေ အပြင် လွန်ခဲ့တဲ့ ညက ဆရာဝန်ဖြစ်သူရဲ့ အိမ်မက်ထဲက
အတိုင်း ကလေးကစားစရာ အရုပ်ကားလေး တစ်စီးကိုပါ ထည့်
ယူလာကြပါတယ်။ အမဲသား၊ ၀က်သားဟင်းတွေ၊ ခေါက်ဆွဲကြော်
တွေနဲ့ ကလေးကစားစရာ မော်တော်ကားလေး တစ်ခု အပါအ၀င်
လင်ဗန်းအလယ်မှာ အမွှေးတိုင် သုံးချောင်းလောက်ကို မီးရှို့ ထိုးစိုက်
ကြပါတယ်။ ဗလတောင့်တောင့် လူငယ်တစ်ဦးက “ခေါစာ” ပြစ်တဲ့
အလုပ်ကို လုပ်ပါတယ်။ သူက “ခေါစာ” ထည့်ထားတဲ့ လင်ဗန်းကို
လက်ပြန်ပုံစံနဲ့ ချအပြီးမှာ ကျန်တဲ့သူတွေက အသင့်ယူဆောင်လာတဲ့
“ပြာမှုန့်”တွေကို လင်ဗန်းကနေ သုံးပေလောက်ရှိတဲ့ အကွာအဝေး
အထိ ခပ်ထူထူလေး ခင်းကြပါတယ်။ ပြာမှုန့်တွေ ဘယ်သူမျှ မနင်း
မိအောင် ဂရုတစိုက် ခင်းပြီးချိန်မှာ “ခေါစာ”ကျွေးသူက စလောင်းဖုံး
ကို ဟင်းမွေရာမှ အသုံးပြုတဲ့ ယောင်းမနဲ့ သုံးချက်လောက်တီးပြီး
ပါးစပ်ကလည်း “ဒီနေရာမှာ ရှိတဲ့၊ နေထိုင်နေတဲ့ မကျွတ်မလွတ်တဲ့
ပုဂ္ဂိုလ်များရှိရင် လာရောက်ပြီး အားရပါးရ စားသုံးကြပါ …” လို့
အသံခပ်အုပ်အုပ်နဲ့ သရဲ ခေါ်ပါတော့တယ်။

အဲဒီနောက် သူတို့ အားလုံး ဆရာဝန်မိသားစု နေထိုင်ရာ အခန်း
ပေါက်ဝဖက်ကို ပြန်လာခဲ့ကြပါတယ်။ နေထိုင်ရာ အခန်းပေါက်ဝ
ကနေ အမှိုက်ပြစ်ရာ လမ်းကြားထိပ်ကို လှမ်းကြည့်ရင် မြင်နေ
ရပါတယ်။ ဒါကြောင့် သူတို့ တစ်အုပ်စုလုံး အိမ်ခန်းထဲ ပြန်မ၀င်
ကြပဲ အခန်းပေါက်ကနေ လမ်းကြားထိပ်ကို မျက်ခြေမပျက်
စောင့်ကြည့်တာပါ။

ဒီလိုနဲ့ တစ်အုပ်စုလုံး စကားပြောလိုက် အိမ်ထဲက မိသားစု ကျွေး
မွေးတဲ့ မြန်မာပြည်က လာတဲ့ လဖက်သုတ်နဲ့ ရေနွေးကြမ်းတွေ
သောက်ရင်း စောင့်နေကြပါတယ်။ ည (၁၁)နာရီ ကျော်ကျော်
လောက်မှာ လှေကားကနေ တစုံတယောက် ပြေးတက်လာတဲ့
ခပ်ပြင်းပြင်းခြေသံတစ်ခုကို သူတို့ ကြားလိုက်ရပါတယ်။ ခြေသံ
ဟာ လှေကားကနေ သူတို့ အလွှာကို ကွေ့ဝင်လို့ရတဲ့ နေရာ
အရောက်မှာ လုံးဝ ရပ်သွားပြီး ရုတ်တရက်ဆိုသလို ကလေးငယ်
တစ်ဦးဟာ “ခေါစာ” ပြစ်ထားတဲ့ အမှိုက်သွားပြစ်ရာ လမ်းကြားထဲ
ဆီ ပြေးဝင်သွားပါတယ်။ ပထမတော့ စောင့်ကြည့်နေသူ အားလုံး
ကြောင်တောင်တောင် ဖြစ်သွားပါတယ်။ သူတို့ထဲက တစ်ယောက်
က “ဒီကလေးက ဘယ်ကလဲ” လို့ ပြောလိုက်တော့မှ အားလုံး
သတိဝင်လာပြီး လမ်းကြားလေးဆီအပြေးအလွှား သွားကြည့်ကြ
ပါတော့တယ်။

အမှိုက်သွားပြစ်တဲ့ လမ်းကြားထိပ်ကို ရောက်ဖို့ ဆယ်ပေကျော်ကျော်
လောက်သာ အလိုမှာ လမ်းကြားထဲမှ တစုံတယောက်က အပြင်ကို
ပစ္စည်းတစ်ခု လွှင့်ပြစ်လိုက်ပါတယ်။ လွှင့်ပြစ်ခံရတဲ့ ပစ္စည်းကို သူတို့
အားလုံး ၀ိုင်းကြည့်လိုက်တော့ “ခေါစာ” ပြစ်ထားတဲ့ လင်ဗန်းထဲမှာ
သူတို့ထည့်ပေးထားတဲ့ ကလေးကစားစရာ မော်တော်ကားလေးပါ။
လမ်းကြားထိပ်ကို ရောက်ရှိသွားပြီး လမ်းအတွင်းကို ကြည့်လိုက်တော့
ဘယ်သူကိုမျှ မတွေ့ရပါ။ ခုနက ကလေး ဘယ်ပျောက် သွားသလဲလို့
ပဟေဠိဆန်ဆန်ဖြစ်နေချိန်မှာ သူတို့ထဲက တစ်ယောက်က …
“ဒီမှာကြည့် ပြာတွေပေါ်မှာ ခြေရာတွေ အများကြီးပဲ”

“ခေါစာ” ဗန်းထဲက အစား အစားတွေလည်း တစ်ယောက် ယောက်
စားသောက်ထားသလို ပုံပျက် နေပြီး နံဘေးမှာ ခင်းထားတဲ့ ပြာတွေ
ပေါ်မှာလည်း ခြေရာ အသေးတွေရော အကြီးတွေရော ရှုပ်ရှက်ခတ်
နေပါတယ်။ အဲဒီချိန်မှာ သူတို့ထဲက တစ်ယောက်က မျက်လုံးပြူး
မျက်ဆန်ပြူးနဲ့ အမှိုက်ထုပ် ပြစ်ချရာ အပေါက်ကို လက်ညှိုးထိုးပြီး
“ဟိုမှာ …ဟိုမှာ” လို့ အော်ပါတော့တယ်။ ကျန်တဲ့သူတွေ ၀ိုင်းကြည့်
ကြတော့ ဘယ်သူကိုမျှ မတွေ့ရပါဘူး။ ရုတ်တရက် သူတို့အားလုံး
ရဲ့ မျက်စိရှေ့က အမှိုက်ပြစ်တဲ့ အပေါက်ဝရှိ အနံ့ပြန်မတက်အောင်
ဖုံးကားပေးတဲ့ သံပြားဖုံးဟာ သူ့အလိုလို ပွင့်ပြီး ပြန်ပိတ်သွားပါတယ်။
“ဟိုမှာ .. ဟိုမှာ”လို့ အော်နေတဲ့ လူငယ်လည်း အော်ရင်း တန်းလန်း
နဲ့ လဲကျသွားပါတယ်။ တစ်အုပ်စုလုံး သတိမေ့သွားတဲ့ လူငယ်ကို
ပွေ့ချီပြီး အခန်း ရှိရာဆီ အမြန် သယ်ဆောင်ရပါတော့တယ်။


ရုတ်ရုတ်သဲသဲ ဖြစ်သံတွေကြောင့် သူတို့နေထိုင်ရာအလွှာရှိ နံဘေး
ခန်းက လူတွေလည်း အပြင်ထွက်ကြည့်ကြပါတယ်။ သူတို့လည်း
မသိချင်ယောင်ဆောင်ပြီး နေခဲ့ကြပါတယ်။ မိနစ်(၂၀) နီးပါး ၀ိုင်းပြုစု
အပြီးမှာ သတိလစ်သွားတဲ့ လူငယ်လည်း သတိပြန်ရလာပါတယ်။
အကြောက်လွန်နေသူရဲ့ ခန္ဓာကိုယ်ကို ဘုရားစင်က သောက်တော်ရေတွေ
စွန့်ပြီး ပက်ဖြန်းတဲ့သူက ဖြန်း၊ လည်ပင်းမှာ စိတ်ပုတီး ဆွဲပေးကြနဲ့
အလုပ်ရှုပ်ကြပါတော့တယ်။ သတိပြန်ရလာသူအား စိတ်ငြိမ်သွားရန်
ဆရာဝန်က ဆေးတစ်လုံး တိုက်လိုက်ပါတယ်။

အခန်းပိုင်ရှင် မိသားစုက အမှိုက်ပြစ်ရာ လမ်းကြားတွင် သူတို့အုပ်စု
ခေါစာပြစ်ခဲ့တဲ့ လင်ဗန်းနဲ့ ပြာမှုန့်တွေကို မနက်ကြမှ သန့်ရှင်းရေး
လုပ်လိုက်မယ်လို့ ပြောပါတယ်။ သူတို့ထဲကတချို့က အဲဒီနေရာကို
နောက်တစ်ခေါက် သွားကြည့်ချင်ကြောင်း ပြောကြပါတယ်။ သူတို့တတွေ
အခန်းအပေါက်ဝကနေ အဲဒီလမ်းကြားလေး ထိပ်ဆီ ထွက်ကြည့်ကြ
ပါတယ်။ တိုက်တစ်ခုလုံး တိတ်ဆိတ်နေပါပြီ။ ခုနက မီးပွင့်လာတဲ့
နံဘေးအခန်းတွေလည်း မီးတွေပိတ်ပြီး ပြန်အိပ်သွားပုံ ရပါတယ်။ သူတို့
နံဘေးအခန်းမှ အိမ်မြှောင်တစ်ကောင်ရဲ့ စူးစူးဝါးဝါး စုတ်ထိုးသံကြောင့်
သူတို့အားလုံး လန့်သလိုလို ဖြစ်သွားကြပါတယ်။ လက်က နာရီကို
ကြည့်လိုက်တော့ (၁)နာရီ ထိုးဖို့ မိနစ်အနည်းငယ် လိုပါသေးတယ်။

အခန်းအပေါက်ဝကနေ အမှိုက်ပြစ်ရာလမ်းကြားဆီကို သူတို့အားလုံး
ထပ်သွားကြဖို့ ချီတုံချတုံ ဖြစ်နေကြပါတယ်။ သူတို့အားလုံး လမ်းကြား
လေးဆီမှာ ဘာများ ဆက်ဖြစ်လာမလဲလို့ စိုက်ကြည့် နေကြပါတယ်။
အခန်းအားလုံးဆီကနေ အိမ်မြှောင်တွေရဲ့ ဆက်တိုက် စုတ်ထိုးသံကြောင့်
သူတို့ အရမ်းအံ့သြနေပါတယ်။ ရုတ်တရက် အမှိုက်ပြစ်ရာ လမ်းကြား
ထိပ်ရှိ မီးရောင်အောက်မှာ လူအရိပ်နှစ်ခုကို တွေ့လိုက်ရပါတယ်။ သူတို့
အားလုံး နည်းနည်း တွေးဝေသွားပါတယ်။ သူတို့ထဲက တစ်ယောက်က …
“ဖြစ်ချင်တာဖြစ် သွားကြည့်ကြရအောင်၊ အရမ်းကြီး ကြောက်မနေနဲ့”

ဒီလိုနဲ့ သူတို့အားလုံး ခပ်လန့်လန့်ဖြင့် လမ်းကြားထိပ်ကို အသွား၊
မရောက်တရောက်လောက်မှာ မီးရောင်အောက်က အရိပ်နှစ်ခုဟာ
သူ့အလိုလို ပျောက်သွားပြန်ပါတယ်။ သူတို့ထဲက တချို့လည်း
ဘောင်းဘီးက ခါးပတ်တွေ ဆွဲဖြုတ်ပြီး တစ်ခုခုဖြစ်လာရင် ခါးပတ်နဲ့
ရိုက်မယ့်ပုံစံ အသင့်ပြင်ထားပါတယ်။ အဲဒီအချိန်မှာ သူတို့ထဲက
လူငယ်တစ်ဦးမှ …
“ခုနက ဒီလမ်းထိပ်က ဟိုဟာ(ကလေးကစားစရာ) လေးရော”

လမ်းထိပ်ကို ပထမ တခေါက်အလာမှာ အတွင်းကနေ လွှင့်ပြစ်လိုက်တဲ့
ကလေးကစားစရာ အရုပ်ကားလည်း မတွေ့ရတော့ပါ။ လမ်းကြား
ရှေ့ကို အရောက်၊ အတွင်းကို ကြည့်လိုက်တော့ “ခေါစာ” ပြစ်ထားတဲ့
လင်ဗန်းလည်း မရှိတော့ပါ၊ အမှိုက်ပြစ်တဲ့ အပေါက်ဝအောက်မှာ
ကစားစရာ အရုပ်ကားလေး ရောက်နေတာကို တွေ့ရပါတယ်။ ပြာမှုန့်
တွေလည်း ပြန့်ကြဲနေပြီး နင်းပြီးလျှောက်ထားသလို လူခြေရာ ပုံစံ
အများအပြားကို တွေ့လိုက်ရပါတယ်။ လေး …. ငါးမိနစ်လောက်
ဟိုကြည့် ဒီကြည့်အပြီးမှာ သူတို့အားလုံး အခန်းရှိရာဆီ လှည့်ပြန်
ခဲ့ပါတယ်။ အိမ်ခန်းသို့ ရောက်လုဆဲဆဲမှာ အနောက်ဖက်မှ “တောက်”
ခေါက်သံ တစ်ခုကို ပီပီသသ ကြားလိုက်ရပါတယ်။ လှည့်ကြည့်လိုက်
တော့ ဘာမျှ မတွေ့ရပါ။ သူတို့အားလုံး အခန်းအတွင်းကို ၀င်ကြ
တော့မယ့်ဆဲဆဲမှာ လူတစ်ဦးရဲ့ ငိုရှိုက်သံလိုလို အသံ သဲ့သဲ့တချို့
ကို ကြားလိုက်ရပါတယ်။ နောက်တခေါက် သွားကြည့်ဖို့ သူတို့
မရဲတော့ပါ။

အလည်ရောက်နေသူတွေနဲ့ စကားတပြောပြောဖြင့် အိမ်ရှင်ဆရာဝန်
ပါ ဧည့်ခန်းထဲမှာ အိပ်ပျော်သွားပါတယ်။ အိမ်ရှင်ဖြစ်သူဟာ အိမ်မက်
မက်နေသလိုလို အပြင်တွင် တကယ်ခံစားနေရသလိုလို အိမ်မက်တစ်ခု
ကို မက်ခဲ့ပါတယ် …

ဆရာဝန်၊ ငယ်သူငယ်ချင်းဖြစ်သူနဲ့ “ခေါစာ” ပြစ်ခဲ့တဲ့ ဗလတောင့်တောင့်
လူငယ် သုံးဦးတို့ဟာ သူတို့ အိမ်ခန်းထဲမှာ ထိုင်ပြီး စကားပြောနေကြ
ပါတယ်။ အဲဒီအချိန်မှာ အပြင်က ဧည့်ခေါ် ခေါင်းလောင်းတီးသံ ကြား
ရပါတယ်။ တံခါးကို သွားဖွင့်ကြည့်တော့ အသက်လေးဆယ်ကျော်
အရွယ် လူကြီးတစ်ဦးနဲ့ အသက် ရှစ်နှစ် … ကိုးနှစ်အရွယ် ကလေးငယ်
တို့ကို တွေ့ရပါတယ်။ သူတို့က နံဘေးအခန်းမှာ နေသူများဖြစ်ကြောင်း၊
ပြောပြစရာ ရှိတယ်လို့ ပြောဆိုပြီး သူတို့နေထိုင်ရာ ကပ်လျှက် အခန်း
ထဲသို့ ခေါ်ဆောင်သွားပါတယ်။ အခန်းထဲ ရောက်ရောက်ချင်းမှာပဲ
ကလေးငယ်က သူတို့သုံးဦးကို အခန်းအတွင်းထဲရှိ ရေချိုခန်းကို
လက်ညှိုး ထိုးပြပါတယ်။ ရေချိုးခန်းအတွင်းကို ရောက်တော့ အိမ်သာ
အပေါ်ရှိ ရေဆွဲချရာ ရေပုံးထဲကို ပစ္စည်းတစ်ခုခု နှိုက်ယူပေးဖို့ လက်ဟန်
ခြေဟန်နဲ့ ပြပါတယ်။ ရေဆွဲချရာ ပုံးထဲကို နှိုက်ကြည့်လိုက်တော့
ပလပ်စတစ်နဲ့ သေသေချာချာ ထုတ်ပိုးထားတဲ့ ကလေးကစားစရာ
အရုပ်ကားလေးတစ်ခုကို တွေ့ရပါတယ်။ အဲဒီနောက် ကလေးငယ်က
အုတ်နံရံဖက်ကို လက်ညှိုးထိုးပြလိုက်ပါတယ်။ အုတ်နံရံဟာ တီဗွီမျက်နှာ
ပြင် တစ်ခုလိုဖြစ်လာပြီး သင်္ချိုင်းတစ်ခုကို မြင်နေရပါတယ်။ သင်္ချိုင်းထဲရှိ
လမ်းအကွေ့အကောက် အတော်များများကို ဖြတ်ကျော်အပြီးမှာ အုတ်ဂူ
တစ်ခုကို တွေ့ရပါတယ်။ ကလေးငယ်က ရေပုံးထဲမှာ ရရှိလာတဲ့ အရုပ်
ကားလေးကို အဲဒီအုတ်ဂူပေါ်မှာ ထားပေးဖို့ ပြသပါတယ်။ အဲဒီနောက်
ရုတ်တရက်ဆိုသလို နံရံပေါ်က မြင်ကွင်းရော ကလေးငယ်ပါ
ပျောက်ကွယ်သွားပါတယ်။

အဲဒီချိန်မှာ သူတို့သုံးဦးကို အခန်းအတွင်းသို့ ခေါ်ဆောင်လာတဲ့
လူကြီးဖြစ်သူက စကားပြောဖို့ ဧည့်ခန်းအတွင်းကို ခေါ်ဆောင်
သွားပါတယ်။ သူဟာ လွန်ခဲ့တဲ့ (၁၅)နှစ် နီးပါးက ဒီတိုက်မှာ
အလုပ်လုပ်ရင်း နေထိုင်တဲ့ မြန်မာပြည်သား တစ်ဦးဖြစ်ကြောင်း၊
အလုပ် လုပ်တဲ့ နေရာကနေ ကလေးကစားစရာ ပစ္စည်းတစ်ခုကို
ယူဆောင်လာမိကြောင်း၊ တနေ့တော့ အခန်းထဲမှာ သောက်ရင်း
စားရင်းကနေ မူးပြီး သူအိပ်ပျော်သွားကြောင်း၊ အဲဒီနောက် သူ
သတိလစ်သလို ဖြစ်သွားကြောင်း၊ သူ့ခန္ဓာကိုယ်ဟာ တစုံတယောက်
ရဲ့ ၀င်ရောက်ပူးကပ်ခြင်းကို ခံရပြီး အခန်းဖော်တွေနဲ့ အချင်းများ
ခဲ့ကြောင်း၊ နောက်ဆုံးမှာ သူ့အခန်းဖော် သူငယ်ချင်း အလုပ်သမား
များက သူ့ကို ရက်စက်စွာ သတ်ပြစ်ခဲ့ကြောင်း၊ သူ သေဆုံးပြီး
တစ်နှစ်ကျော်တဲ့ အချိန်မှာ မြန်မာပြည်ရှိ ကျန်ရစ်သူ သူ့မိသားစု
က ဘာသာရေးဆိုင်ရာ အမျှအတန်း ပေးဝေခဲ့ကြောင်း၊ သူ သေဆုံး
တဲ့ ဒီနေရာမှာ ယနေ့အချိန်အထိ ဘာသာရေးဆိုင်ရာ ဆောင်ရွက်မူ
များ လုံးဝ မလုပ်ရသေးကြောင်း၊ မြန်မာပြည်တွင် ကျန်ရစ်ခဲ့သော
သူ့သားသမီးများအနက် အကြီးဆုံးဖြစ်သူ သူ့သားလေးမှာ ယခုအခါ
ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲဖြင့် မိသားစုအား လုပ်ကျွေးနေရကြောင်း၊
သူ့အတွက် အမျှအတန်းပေးဝေဖို့နဲ့ သူ့သားအကြီးဆုံးလေးကို
ဒီနိုင်ငံမှာ တရားဝင်အလုပ်သမားအဖြင့် အလုပ် လုပ်ခွင့်ရဖို့
ကူညီပေးစေလိုကြောင်း ပြောပါတယ်။ မြန်မာပြည်ရှိ သူ့မိသားစု
ထံ ဆက်သွယ်ဖို့ ဖုန်းနံပါတ် တစ်ခုကိုလည်း ပေးပါတယ်။ အဲဒီနောက်
သူလည်း ပျောက်ကွယ်သွားပါတော့တယ်။
…… …… …

မနက်စောစောစီးစီး ဧည့်သည်တွေထဲမှ ငယ်သူငယ်ချင်းဖြစ်သူနဲ့
“ခေါစာ” ပြစ်ခဲ့တဲ့ လူငယ်တို့ နှစ်ဦး ညက အိမ်မက်ဆိုးများ မက်ကြောင်း
အိမ်ရှင် ဆရာဝန်ကို ပြောပြပါတယ်။ ဒီလိုနဲ့ နောက် (၂) ရက်ခန့်အကြာ
မှာ ဆရာဝန်ဖြစ်သူဟာ အလုပ်ထဲကနေ အိမ်ကို ပြန်လာခဲ့ပါတယ်။
အိမ်ရှေ့ သံတံခါးကို ဖွင့်အ၀င်မှာ သူ့နားထဲမှာ နံဘေးကနေ တစုံ
တယောက် တိုးတိုးလေး ကပ်ပြောသလို ခံစားလိုက်ရပါတယ်။ သူ့ကို
ပြောသွားတဲ့ စကားသံက …
“ညီလေး၊ မင်း ထီထိုးထားတာ … တိုက်ပြီးပြီလား …”
ရုတ်တရက် သူ ကြောင်သွားပါတယ်၊ နံဘေးကို ကြည့်လိုက်တော့လည်း
သူ့နံဘေး ပတ်ဝန်းကျင်မှာ ဘယ်သူကိုမျှ မတွေ့ရပါ။ ဒါနဲ့ သူလည်း
ထီထိုးခဲ့တာကို သတိရသွားပြီး တိုက်အောက်ထပ်ကို ပြန်ဆင်းခဲ့ပါတယ်။
တိုက်နံဘေးက အိန္ဒိယကုန်စုံဆိုင်အရှေ့ရှိ သတင်းစာအပုံမှာ သူ ထိုးထား
တဲ့ ထီနံပါတ်ကို ရှာဖွေလိုက်ပါတယ်။ သူ အရမ်းအံ့သြ သွားပါတယ်။
သူ့ သူငယ်ချင်း ရယ်စရာအဖြစ် ပြောခဲ့တဲ့၊ သူ့အိမ်မက်ထဲမှာ သရဲ
ပေးခဲ့တဲ့ တယ်လီဖုန်းနံပါတ်ရဲ့ နောက်ဆုံးဂဏန်းလေးလုံးဟာ ထီရဲ့
ဒုတိယဆုနေရာမှာ တွေ့လိုက်ရလို့ပါ။ ထီထိုးထားပေမဲ့ ထီပေါက်ဖို့
လုံးဝ မမျှော်လင့်ထားတဲ့ သူ့အဖြစ်ဟာ သူ့ကိုယ်သူ မယုံသလိုနဲ့
သတင်းစာပေါ်က နံပါတ်ကို ကြည့်လိုက် လက်ထဲမှာ ထိုးထားတဲ့
ထီ စာရွက်ကို ကြည့်လိုက်နဲ့ ဂနာမငြိမ် ဖြစ်နေပါတယ်။

အိမ်ရှင်ဆရာဝန်ဖြစ်သူဟာ သူ့မိသားစုကို ထီပေါက်ခဲ့တဲ့ အကြောင်း
စုံကို ပြောပြလိုက်ပါတယ်။ သူ့ဇနီးသည်နဲ့ မိခင်ဖြစ်သူတို့က ကွယ်လွန်
သွားသူအတွက် ဆွမ်းသွတ်အမျှ ပေးဝေဖို့၊ အိမ်မက်ထဲမှာ ပေးခဲ့တဲ့
ဖုန်းနံပါတ်ကို ဆက်သွယ်ကြည့်ဖို့ တိုက်တွန်းကြပါတယ်။ မယုံတ၀က်
ယုံတ၀က်နဲ့ အိမ်မက်ထဲက ဖုန်းနံပါတ်ကို သူ ဆက်သွယ်လိုက်ပါတယ်။
မြန်မာပြည်က တယ်လီဖုန်းပိုင်ရှင်မိသားစုရဲ့ အကူအညီပေးမှုကြောင့်
ကျန်ရစ်သူ မိသားစုနဲ့ သူ အဆက်အသွယ် ရခဲ့ပါတယ်။ သူဟာ လွန်ခဲ့
တဲ့ (၁၅)နှစ်လောက်က ဒီတိုင်းပြည်မှာ အလုပ်လာလုပ်ရင်း ကွယ်လွန်
ခဲ့သူနဲ့ ခင်မင်ရင်းနှီးသူ တစ်ဦးဖြစ်ကြောင်း၊ ကျန်ရစ်သူ မိသားစုကို
အကူအညီပေးချင်ကြောင်း ရှင်းပြလိုက်ပါတယ်။ နောက်ရက်တွေမှာ
သူ ထီပေါက်လို့ ရခဲ့တဲ့ ငွေတွေထဲက မြန်မာငွေ (၁၀) သိန်း တန်ဖိုးကို
လွှဲပို့ပေးလိုက်သလို ကွယ်လွန်သူရဲ့ သားအကြီးဆုံးဖြစ်သူကိုလည်း
ဒီတိုင်းပြည်မှာ တရားဝင် အလုပ်သမားအဖြစ် လာရောက်နိုင်အောင်
အစစ အရာရာ အကုန်အကျခံ ကူညီမယ်ဖို့ ကတိပေးလိုက်ပါတယ်။

အဲဒီရက်တွေ နောက်ပိုင်းမှာ ဆရာဝန်ဖြစ်သူဟာ သူ့အခန်းနဲ့
ကပ်လျှက်အခန်းက အခန်းပိုင်ရှင်တွေကို လိုက်လံစုံစမ်းခဲ့ပါတယ်။
အခန်းပိုင်ရှင် တရုတ်အဖွားကြီးဟာ အဲဒီအခန်းမှာ တခါတရံ
သာ လာနေလေ့ရှိကြောင်း နံဘေးခန်းတွေက ပြောပြကြပါတယ်။
ဒါနဲ့ အခန်းပိုင်ရှင် တရုတ်အဖွားအို ရှိရာဆီ သူ ရောက်ခဲ့ပါတယ်။
တရုတ်အဖွားအိုက ဆရာဝန်မိသားစုအခန်းနံဘေးရှိ သူ့အခန်း
ဟာ နိုင်ငံခြားမှာ ရောက်ရှိနေတဲ့ သူ့သမီးနဲ့ သမက်တို့ ပိုင်ဆိုင်
တဲ့ အခန်းဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ (၁၅)နှစ် ပတ်ဝန်းကျင်က သူ့တို့
မိတ်ဆွေ တရုတ်လူမျိုးတစ်ဦးက သူ့ အလုပ်သမားများ နေထိုင်
ရန် ဌားရမ်းခဲ့ဖူးကြောင်း၊ အဲဒီနောက်တော့ အိမ်ဌားတွေ ခဏခဏ
ပြောင်းရွှေ့ကြကြောင်း၊ ဒါနဲ့ နောက်ပိုင်းမှာ ဘယ်သူကိုမျှ မဌားတော့
ပဲ သူ နေထိုင်ခဲ့ကြောင်း၊ ယခင်က ဘာမျှ မဖြစ်ခဲ့တဲ့ သူ့အခန်းဟာ
ညဖက်တွေမှာ သရဲခြောက်သလို ထူးထူးဆန်းဆန်းတွေ ဖြစ်ကြောင်း၊
ဒါကြောင့် ဘယ်သူကိုမျှ ထပ်မဌားတော့ပဲ တခါတရံ နေ့လည်ပိုင်းတွေ
မှာ သူ အလည်လာပြီး နေခဲ့ကြောင်း၊ ညဖက်မှာ မအိပ်ရဲတာကြောင့်
ယခုအခါ သူတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းအဟောင်းများသာ ထားရှိသော
စတိုးခန်းအဖြစ် အသုံးပြုကြောင်း ရှင်းပြပါတယ်။

ဆရာဝန်ဖြစ်သူက တရုတ်အဖွားအိုအား လွန်ခဲ့သော (၁၅)နှစ်ခန့်က
အဲဒီအခန်းမှာ သူ့သူငယ်ချင်း အလုပ်သမားတစ်စု နေထိုင်ခဲ့ဖူးကြောင်း၊
သူတို့ထဲက တစ်ယောက်ဟာ အရက် အလွန်သောက်သောကြောင့်
လုပ်ငန်းခွင်ထဲမှာ ကွယ်လွန်ခဲ့ကြောင်း၊ ကွယ်လွန်သူ ပိုင်ဆိုင်ခဲ့တဲ့
ပစ္စည်းတစ်ခုဟာ အဲဒီအခန်းထဲမှာ ကျန်ရစ်ခဲ့ကြောင်း၊ သူ ဒီတိုက်ကို
ပြောင်းရွှေ့လာပြီး မကြာမဏဆိုသလို ကွယ်လွန်သူက အိမ်မက်ပေး
ကြောင်း၊ ဒါကြောင့် အဲဒီအခန်းထဲမှာ ကွယ်လွန်သူအတွက် ရည်စူး
ပြီး ဘာသာရေးဆိုင်ရာ ဆုတောင်းမေတ္တာပို့တဲ့ ပွဲတစ်ခု လုပ်ချင်
ကြောင်း ခွင့်တောင်းခံပါတယ်။ အခန်းပိုင်ရှင် အဖွားအိုကလည်း
ကြည်ကြည်ဖြူဖြူ ခွင့်ပြုခဲ့ပါတယ်။

စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် တစ်ခုမှာ ဆရာဝန်မိသားစုနဲ့ ရင်းနှီးသူ
သူငယ်ချင်း မိတ်ဆွေများဟာ အဲဒီတိုင်းပြည်ကို ကြွရောက်နေတဲ့
မြန်မာဘုန်းတော်ကြီးတစ်ပါးကို ပင့်ဖိတ်ခဲ့ကြပါတယ်။ တရုတ်မိသားစု
ပိုင်ဆိုင်ရာ အခန်းအတွင်း ကွယ်လွန်သူအတွက် ရည်စူးပြီး ဆုတောင်း
မေတ္တာပို့သလို သရဲခြောက်တယ်လို့ နာမည်ကြီးနေတဲ့ အမှိုက်သွား
ပြစ်ရာ လမ်းကြားဆီမှာလည်း ပရိတ်တရား နာယူခဲ့ကြပါတယ်။
တရားပွဲအပြီး ဆရာဝန်နဲ့ သရဲခြောက် မခြောက်ကို စမ်းသပ်ခဲ့တဲ့
ငယ်သူငယ်ချင်းတို့ဟာ အဲဒီအခန်းထဲရှိ အိမ်သာအပေါ်မှ ရေဆွဲချရာ
ရေပုံးထဲကို ရှာဖွေ ခဲ့ကြပါတယ်။ ရေပုံးအတွင်းက ပလပ်စတစ်နဲ့
သေသေချာချာ ထုပ်ပိုးထားတဲ့ ကလေးကစားစရာ အရုပ်ကားလေး
တစ်စီးကို တွေ့ရှိပြီးတဲ့နောက်ပိုင်း သရဲတစ္ဆေ မယုံကြည်တဲ့ ဆရာဝန်
ဟာ သူ့အယူအဆကို စွန့်လွတ်လိုက်ပါတော့တယ်။

သူတို့နှစ်ဦးဟာ အရုပ်ကားလေးကို တရုတ်သင်္ချိုင်း တစ်ခုခုမှာ သွား
ထားပြစ်ဖို့ စိတ်ကူးကြပါတယ်။ ဒီလိုနဲ့ အဌားကားတစ်စီးကို ဌားပြီး
တရုတ်သင်္ချိုင်းတစ်ခုသို့ သွားရောက်ချင်ကြောင်း ကားသမားကို ပြော
ပါတယ်။ ကားသမားက ဘယ်သင်္ချိုင်းလဲလို့ မေးတော့ သူတို့နှစ်ဦး
လည်း တရုတ်သင်္ချိုင်းဖြစ်ရင် ပြီးရောလို့ ပြန်ဖြေခဲ့ပါတယ်။ ဒီလိုနဲ့
သူတို့နှစ်ဦး အဌားကားရဲ့ နောက်ခန်းကနေ လိုက်ပါခဲ့ကြပါတယ်။
ကားသမားက ရှေ့ခန်းမှာ ကားမောင်းနေရင်း တရုတ်လို ပြောနေပါ
တယ်။ သူတို့ကတော့ ကားသမား အဌားကားဌာနနဲ့ တရုတ်လို
ပြောနေတယ်လို့ပဲ ယူဆနေကြပါတယ်။ ကားဟာ နာရီဝက်နီးပါး
ကြာအောင် မောင်းနေချိန်မှာ သူတို့ စိတ်ထဲ ဒီကားသမား ပိုက်ဆံ
ပိုလိုချင်လို့ လှည့်ပတ်မောင်းနေတယ် ထင်မိပါတယ်။ ဒါကြောင့်
ကားသမားကို ဘယ်တော့ရောက်မလဲလို့ မေးလိုက်တော့ ကားသမား
က ခင်ဗျားတို့ သွားချင်တဲ့ နေရာကို မကြာခင် ရောက်တော့မှာပါလို့
ပြန်ဖြေပြီး တစ်ယောက်တည်း တရုတ်လို ဆက်ပြောနေပါတယ်။
ဒီလိုနဲ့ တရုတ်သင်္ချိုင်းကုန်းတစ်ခုရဲ့ ရှေ့မှာ ကားသမားက ကားကို
ရပ်ပေးလိုက်ပါတယ်။

သူတို့နှစ်ဦးလည်း တရုတ်သင်္ချိုင်းဝန်းထဲကို ရောက်ပြီး ဟိုအုတ်ဂူပေါ်
တင်ခဲ့ရင် ကောင်းနိုးနိုး ဒီအုတ်ဂူပေါ်မှာ ထားခဲ့ရင် ကောင်းနိုးနိုးနဲ့
သင်္ချိုင်း အလယ်က လမ်းမကြီးအတိုင်း ၀င်ခဲ့ကြပါတယ်။ ရုတ်တရက်
သင်္ချိုင်းလမ်းမကြီးရဲ့ လက်ဝဲဖက် တစ်နေရာကနေ လေချွန်သံကို
ကြားလိုက်ရပါတယ်။ ကြည့်လိုက်တော့ ကလေးငယ် တစ်ဦးက သူတို့ကို
လက်ယက်ပြီး ခေါ်နေပါတယ်။ ဒါနဲ့ ကလေးငယ်ရှိရာဆီ သူတို့ သွားကြ
ပါတယ်။ ကလေးငယ်ရဲ့ နံဘေးနားကို မရောက်ရှိခင် သူတို့ရဲ့ မျက်စိရှေ့
မှာပဲ ကလေးငယ်ဟာ ပျောက်ချင်းမလှ ပျောက်သွားပါတယ်။ လှမ်းခေါ်
ခဲ့တဲ့ နေရာဆီကို ရောက်အောင်သွားကြည့်လိုက်တော့ သူတို့ အရမ်း
ထိန့်လန့်သွားပါတယ်။ အုတ်ဂူလေး တစ်ခုပါ။ အဲဒီအပေါ်မှာ သူတို့
“ခေါစာ” ပြစ်ခဲ့တဲ့ လင်ဗန်းကို တွေ့လိုက်ရပါတယ်။ သူတို့နှစ်ဦးလည်း
ယူဆောင်လာတဲ့ ကစားစရာ အရုပ်ကားလေးကို အုတ်ဂူပေါ်မှာ တင်ပြီး
ခပ်သုတ်သုတ် ထွက်ခွာခဲ့ကြပါတယ်။

တရုတ်သင်္ချိုင်းအပေါက်ဝကို ပြန်ထွက်လာတော့ အလာမှာ ဌားစီးခဲ့တဲ့
ကားနဲ့ ကားမောင်းသူကို တွေ့ရတာကြောင့် ကားဌားချင်ကြောင်း
ပြောပြီး ကားပေါ်သို့ တက်လိုက်ပါတယ်။ ကားပေါ်မှာ ဆယ်မိနစ်
ကျော်ကျော် ထိုင်နေတဲ့ချိန်အထိ ကားမမောင်းတာကြောင့် ကားသမား
ကို ဘာဖြစ်လို့ မမောင်းသလဲဆိုပြီး မေးကြည့်လိုက်တော့ ကားသမားက
“ဒီသင်္ချိုင်းဆီကို အလာမှာ ခင်ဗျားတို့ နှစ်ယောက်နဲ့ အတူတူ ပါလာ
တဲ့ ကောင်လေးရော ပြန်မလိုက်တော့ဘူးလား ….”
သူတို့နှစ်ဦး ကားတံခါးဖွင့်ပြီး ကားပေါ်ကနေ မပြေးရုံတမယ်
ပြန်ဆင်းတော့မလို ဖြစ်သွားပြီးမှ ….
“သူ ပြန်မလိုက်တော့ဘူး … လာခဲ့တဲ့နေရာကို အမြန်ဆုံး မောင်းပါ..............။




Myawady News
Read More

((((( ၀ိရောဓိ သံစဉ်များ....)))))

11:21 PM |



 

 

 

 

 

 

 

 

 



ရေကန်လေးတစ်ခုရဲ့ နံဘေးမှာ ထိုင်ရင်း စဉ်းစားစရာလေးတွေ တွေ့ရတယ်...။
ရေကန်ထဲမှာ ကြာပန်းလေးတွေလည်းပေါက်ရောက်နေကြတယ်....။
ရေမြက်ရိုင်းတွေလည်း ရေကြည်ကြည်အောက်မှာ ပေါက်ရောက်နေကြတယ်....။
ဗေဒါပန်းလေး တစ်ချို့ကလည်း ကမ်းစပ်နဲ့ မနီးမဝေးမှာပေါ့..။



ကန်စွန်းနွယ်လေးတွေလည်း ရေပေါ်မှာ ဟို သည် နွဲ့နှောင်းရင်း အရိုင်းသီချင်းလေးနဲ့ ကနေသလိုလို.....။

ကြာပန်းလေးတွေကိုတော့ ဘုရားတင်ချင်လည်းတင်..
ပန်ချင်လည်း ပန်..

နောက် ကြာရိုး ကြာစွယ်တွေကိုလည်း စားသုံးကြပေါ့၊

အလှဆင်ချင်လည်း ဆင်လို့ရတယ်၊
အိမ်ရှေ့မှာ ပန်းအိုးကြီးတွေနဲ့ စိုက်ချင်လည်းစိုက်၊
နောက်ဆုံး. ကြာသင်္ကန်းအထိ ရက်လုပ်ပြီး ပူဇော်နိုင်ကြပါတယ်.....။

ဗေဒါပန်းကလေးတွေ....
သူတို့ကျတော့ ဘာအသုံးဝင်မှန်း မသိပေမဲ့ ဗေဒါရဲ့ ဘ၀ကို စာဆိုတော်ကြီးတွေက ထူထပ်သိပ်သည်းစွာ ရှုမြင် ရေးဖွဲ့ခဲ့ကြလို့.. လောကဓံကို ရင်ဆိုင်ဖို့ အကောင်းဆုံး ပြယုဂ်လေး ဖြစ်လာတယ်...။

ဒါပေမဲ့ အနံ့ အသက်နဲ့ အလှဆင်ပန်းကလေးတော့ မဟုတ်ပေဘူးလေ.....။

မြက်ရိုင်းတွေ...
ရေကန်ပတ်လည်မှာရော...
ရေကန်မျက်နှာပြင်မှာရော....
.
အစပ်မှာရော.... သူ့သဘောသူဆောင်ပြီးပေါက်ရော
က်နေကြတယ်၊

ရေကန်ထဲမှာ ရေဆင်းကူးကြရင်လည်း ဒီရေမြက်တွေရဲ့ ရစ်ပတ်မှု ခံရရင် ရေနစ်တတ်ကြတယ်...

တဖြည်းဖြည်းနဲ့သူတို့ နေရာချဲ့ ထွင်လာတဲ့ အခါမှာ ကြာပန်းလေးတွေရော..
ဗေဒါပင်လေးတွေရော နေရာပျောက်ပြီး နောက်ဆုံးမှာ ရေကန်ကြီးတောင် တိမ်ကော သွားရမယ့် အဖြစ်ပါပဲ......။

အဲဒီထဲမှာ ထူးခြားတဲ့ အပင်လေးတစ်ချို့ တွေ့ရတယ်..... ကန်းစွန်းနွယ်လေးတွေလေ...။

ဒီ ကန်စွန်းလေးတွေက လူသားတွေအတွက် အဟာရဓါတ်ကိုဖြစ်စေတယ်......
ဗီတာမင်ကြွယ်ဝတယ်.....
ကြော်ပြီးတော့ပဲ ဖြစ်ဖြစ်၊
အချဉ်ရည်လေး ချက်ပြီးတော့ပဲ ဖြစ်ဖြစ် ဟင်းတစ်ခွက်အဖြစ် စားသုံးနိုင်ကြတယ်လေ...။

မလှဘူးလို့လည်း ပြောလို့ မရပြန်ဘူး......
ရေပေါ်မှာ ရှပ်တိုက်ပြီး သူ့ရဲ့ အညွန့်လေးတွေကို ဖြန့်ကျက်ထားတာ.....
ပြီးတော့ အရွက်နုလေးတွေကနေ အရွက်ရင့်ရင့်တွေ ဖြစ်စေတယ်....
အရိုးတံ စိမ်းစိမ်းကနေ အနီရောင်လေးတွေ သန်းလာစေတယ်.....
အဆစ်တွေကနေ အမြစ်လေးတွေ ဆက်ထွက်ပြီး အခက်ကလေးတွေ ထပ်ဖြာ နေတာကို ရေကြည်ကြည်ရဲ့ အရိပ်နဲ့ ကြည့်ရတာလည်း တိတိကျကျနဲ့ သပ်သပ်ရပ်ရပ် လှပစေတယ်လေ.......

လူသားနဲ့ သက်ရှိတွေကို အကျိုး အပြုနိုင်ဆုံး...
နောက်ပြီး အဆိပ်အတောက်တွေကိုတောင် ပြေစေနိုင်တဲ့...

ရေကန်ကြီး တစ်ခုလုံးမှာ အသုံးအတည့်ဆုံးနဲ့ အန္တရာယ် အကင်းဆုံးဖြစ်တဲ့ ဒီကန်စွန်းနွယ်လေးတွေကို ဘာကြောင့်များ လူတွေက.. တန်ဘိုးမထားကြပါလိမ့်လို့..
.

ဆက်တွေးရင်းနဲ့ ကန်စွန်းနွယ်လေးတွေနဲ့ လူ့သဘာဝကို ဆက်စပ် စဉ်းစားနေမိတယ်....

လူတွေမှာရော...
လူတွေလည်း ဒီ အတိုင်းပါပဲ.....
ကြာပန်းလေးလို တန်ဘိုးမြင့်ရင်မြင့်၊ မမြင့်ရင်လည်း ဗေဒါလေးလို ကြံကြံဖန်ဖန် စံပြုခံ....

ဒီလိုမှ မဟုတ်ရင်လည်း... မြက်ရိုင်းတွေလို ဖုံးလွှမ်းဖို့ကြိုးစားပေါ့.
...... ဒါဆိုရင် သတိထားမိကြတယ်လို့...

ကန်စွန်းရွက်လေးတွေလို အသိအမှတ်ပြု မခံရပဲ တန်ကြေးနည်းနည်းနဲ့ အေးအေးလူလူ မတောက်မပ နေခဲ့လျှင်..... ကန်စွန်းရွက်လေးလိုပဲ သဘောထားတတ်ကြတယ်လို့ မြင်လာမိခဲ့တယ်....။

ကိုယ်ချင်းစာတာလား.....
သနားတာလား မသိပေမဲ့....
ကန်စွန်းနွယ်လေး အပေါ်မှာ ကရုဏာ စိတ်ကလေးဖြစ်ခဲ့မိတယ်....။

တစ်ခုလည်း ဖြေတွေးလေး တွေးလိုက်မိပါသေးတယ်... ကန်စွန်းရွက်ရောင်းစားနေရတဲ
့ မိသားစုတွေကတော့ ကြာပန်းလေးထက်ပိုပြီး တန်ဘိုးထားကြလိမ့်မယ်လို့လေ.......။

ကန်စွန်းနွယ်လေးကနေ ဆက်စပ်စဉ်းစားရင်း တကယ်တော့ ဘာမဆို သူ့နေရာနဲ့သူ တန်ဘိုးရှိနေကြတယ်ဆိုတာ စဉ်းစားရင်းနဲ့ သိလိုက်ရတယ် ........။

`` ကန်စွန်းနွယ်လေးရေ အားမငယ်နဲ့နော်။ မင်းဟာ... လူသားတွေ အတွက်ရော၊ တိရိစ္ဆာန်တွေအတွက်ပါတန်ဘိုး
ရှိယုံမျှ မက..... ကန်ရေပြင်ထဲမှာလည်း တကယ်ကို အေးချမ်းစွာ လှပနေပါတယ်´´ လို့....... ။


ကျွန်တော် တစ်ယောက်ထဲ ကန်းစွန်းနွယ်လေးကို ပြောလိုက်မိတယ် ထင်ပါတယ်။ တိုးတိုးလေးပေါ့.....။


(ကွန်ဆူးမား)(၁၂-၉-၂၀၁၃)
Read More

Related Posts Plugin for WordPress, Blogger...